spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။

“အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက် အုပ်စုအလိုက်မှာ ထွက်ပြေးသွားတဲ့သူတွေကိုလည်း အခြေခံတယ်ပေါ့နော စခန်းထဲရောက်တဲ့သူကိုလည်း တွက်တာရှိတယ်။ အဲ့တော့ စခန်းထဲမှာရောက်တဲ့သူအားလုံး တွက်ရုံနဲ့မရသေးဘူးပေါ့နော။ တချို့ဆိုရင် စခန်းထဲမှာမနေဘဲနဲ့ ရွာတွေမှာနေတာရှိတယ် တခြားတိုင်းနဲ့ပြည်နယ်ရောက်သွားတာရှိတယ်။ အဲ့တော့ ကျနော်တို့ တွက်ချက်မှုအရ ၂ သိန်းကတော့သေချာတယ်” လို့ ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ယနေ့ ( မတ်လ ၂၄ ရက်နေ့ ) မှာ အတည်ပြု ပြောကြားတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အထိ နှစ််သိန်း ဝန်းကျင်အထိ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထပ်ဆင့်တိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအပါအဝင် စတင်တိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာတာဖြစ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“ဒီးမော့ဆိုအရှေ့ခြမ်းမှာ လူသုံးသောင်းနီးပါးထပ်ရှောင်တယ်။ ၁၆ရက်နေ့နောက်ပိုင်းမှာစပြီးတော့ ကျနော်တို့ခေါ်တဲ့ ချိကွဲ့၊ ရေနီပေါက်ကနေ ထောင်ဂဏန်းထပ်ရှောင်လိုက်တယ်။ ဖရူဆိုအရှေ့ဖက်ခြမ်းမှာ တချို့ထပ်ရှောင်တာရှိတယ်ပေါ့နော။ အဲ့ဒါပေါင်းလိုက်ရင်တော့ ရှောင်ပြီးသားအုပ်စု တစ်စုချင်းစီကို ရှိနေပြီးသား ၂သိန်း နဲ့ ထပ်ရှောင်ပြီးသား ဦးရေကိုတွက်လိုက်ရင်တော့ သေချာတာတစ်ခုက ၂သိန်းခွဲကတော့ မအောက်ဘူးလို့ ကျနော်တို့ပြောလို့ရတယ်” လို့ ဦးဗညားက ပြောပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစပြီး ကရင်နီပြည်နယ်အတွင်းနဲ့ နယ်စပ်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေတာရှိပြီး မတ်လ ဒုတိယပတ်ကနေစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းသုံးကြောင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀ နဲ့ အထက် အသုံးပြုတိုက်ခိုက်မှုကို စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KnMIC) ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မတ်လ ၉ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံလူထု အပါအဝင် ထပ်ဆင့်စစ်ရှောင်ပြည်သူ သုံးသောင်းနီးပါး နေထိုင်လို့မရတော့ဘဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ ဖရူဆို၊ လွိုင်ကော်ဘက်ကို တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ တတိယပတ်အတွင်းက ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ချိကွဲ့၊ ရေနီပေါက်၊ မိုင်းထမ်း ကျေးရွာက ဒေသခံ တစ်ထောင်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဘောလခဲဒေသခံတွေဆီကနေ သိရပါတယ်

လက်ရှိမှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်လူထု ထောင်ချီရှိနေသေးပြီး စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ကြုံတွေ့နေရသလို တခြားနယ်မြေတွေမှာသွားရောက်တိမ်းရှောင်နေရတဲ့ စစ်ရှောင်လူထုတွေအတွက်လည်း အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ လိုအပ်နေတာဖြစ်ပါတယ်။

စစ်ရှောင်လူထုတွေရဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)မှ တဆင့် တိုက်တွန်းထားပါတယ်။

“ကျနော်တို့ အစိုးရိမ်ဆုံးအရာက ဘာလဲဆိုတော့ လူထုတွေက ငတ်ပြတ်ပြီးမှ အာဟာရချို့တဲ့သွားပြီးတော့မှပေါ့နော သေဆုံးသွားတဲ့အရေးမျိုး ဒီတော်လှန်ရေးမျိုး ကျနော်တို့ မလုပ်လိုဘူး။ ကျနော်တို့က ဒီ လူထုတွေကာကွယ်နိုင်ဖို့အတွက်‌ရော လူထုတွေရဲ့ စားဝတ်နေရေး ပြေလည်နိုင်ဖို့အတွက်ကောပေါ့နော။ အားလုံးဆက်ပြီးတော့ ကြိုးစားရမှာဖြစ်တဲ့အတွက်ပေါ့နော။ ဒီနေရာတွေမှာပေါ့နော ဝိုင်းကူကြဖို့လိုပါတယ်ပေါ့။ အထူးသဖြင့် ဒီ ကလေးသူငယ်တွေရဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေး ပြေလည်နိုင်ရေးကိုတော့ အင်မတန်မှ ‌စောင့်ရှောက်ကာကွယ်သင့်တယ်။ သက်ကြီးရွယ်အိုတွေကိုလည်း မမေ့ထားဖို့ အင်မတန်မှ လိုအပ်ပါတယ်ခင်ဗျ။” လို့ ခွန်းဘီထူးက ပြောပါတယ်။

နိုင်ငံတကာ UN အေဂျင်စီ ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)အနေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ လူထုဆီ အမှန်တကယ် ကူညီထောက်ပံ့မှုရရှိနိုင်ဖို့အတွက် ဒေသခံလူမှု အသင်းအဖွဲ့တွေနဲ့ တရားဝင်ချိတ်ဆက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေတဲ့အသင်းအဖွဲ့တွေလည်း ပြောဆိုထားကြပါတယ်။

spot_img
spot_img