spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်က စာခြောက်ရုပ်စစ်သား အသုံးပြုကင်းချထားတာကို ဖယ်ခုံ PDF နယ်မြေရှင်းလင်းစဉ် တွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဇူလိုင် ၁၄ရက်နေ့မှာ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ကနေ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် စစ်ကောင်စီတပ်စွဲခဲ့တဲ့ ဖယ်ခုံမြို့နယ် လွယ်ပေါ ကျေးရွာအပေါ်ဖက် တောင်ကြောပေါ်တစ်နေရာမှာ စာခြောက်ရုပ်စစ်သား အသုံးပြုပြီး ကင်းချထားတာကို တွေ့ရှိခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း-၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အဲ့ဒီတပ်စခန်းကနေပြီးတော့ လွယ်ပေါရယ် ဆောင်နန်းခဲရယ် လွယ်မကူး တောင်ပေါ်တွေမှာ လက်ရှိအနေအထားအရ စစ်ကောင်စီတွေ ရှိနေတုန်းပဲ။ ဒါပေမယ့် သူတို့ ကြည့်ရတာတော့ လူအင်အား အဲ့လောက်သိပ်မရှိဘူး။ သူတို့တွေ ဟန်ပြ အရုပ်တွေ လျှောက်လုပ်ထားပြီးတော့မှ လူနည်းနည်းပဲ ရှိနေတာဗျ “ လို့ ဖယ်ခုံ PDFတပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

လက်ရှိအချိန်ထိ ဖယ်ခုံမြို့နယ်အတွင်း နန်းပေါ်လုံ၊ လွယ်ပေါ၊ လွယ်မကူးတောင်၊ ဖယ်ခုံအင်းအရှေ့ဖက်ခြမ်း ဆောင်နန်းခဲအပေါ်ဖက်၊ မခေခမ်းနဲ့ လဟယ်ရွာ အပေါ်ဖက်တောင် ၊ တောင်ပို့ကွဲ၊ထီရိ စတဲ့ နေရာတွေကို စစ်ကောင်စီတပ်စွဲလျက် ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးရင်း တပ်စွဲခဲ့တာဖြစ်ပြီး ၂လကျော်အထိ တပ်စွဲထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ကျေးရွာထဲ ကနေအိမ်တွေ ၊ စျေးဆိုင်တွေထဲကိုလည်း မွှေနှောက် ဖျက်ဆီးလုပ်ဆောင်တာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ ဟိုးရက်တွေ တုန်းထဲက ကျနော်တို့ တွေ့တာကတော့ လွယ်ပေါက ဆိုင်တွေ လွယ်ပေါမှာ စျေးရှိတယ်။ စျေးမှာ သူတို့တွေ ဆိုင်တွေကို ဖောက်ထားတယ်။ ပစ္စည်းတွေ လိုချင်တဲ့ဟာ ယူသွားတယ်။ ဆီတို့ ဘာတို့ အဲ့လိုမျိုး သူတို့ အသား၊ ငါး ဗူးတွေ အဲ့လိုမျိုးတော့ များသောအားဖြင့် ယူသွားတဲ့ ပုံစံရှိတယ်။ နောက်ပြီး ဆိုင်တွေကို ဖောက်ပြီးတော့ အထဲက ပစ္စည်းတွေကို မွစာကြဲနေအောင် အဲ့လိုမျိုးတွေ တွေ့ရတယ်။ နောက်ပြီးတော့ အိမ်တွေ လက်နက်ကြီးနဲ့ ထုခံထားရတာတွေကော မီးတွေ ရှို့ခံထားရတာတွေကော အဲ့ဒါမျိုးတွေ ရှိတယ်ဗျ။ နောက် တိရိစ္ဆာန်တွေဆိုလည်း မြင်းတွေ ဘာတွေ ဆိုလည်း ပစ်သတ်ခဲ့တာတွေ အဲ့လိုမျိုးတွေ ရှိတယ်လေ“ လို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာအချို့ကဒေသခံတွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို စစ်ရှောင်နေကြရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာလည်း ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာ အရှေ့ဖက် တောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဖယ်ခုံမြို့နယ် PDFတပ်ရင်း ၂ က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲ တစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် အနည်းဆုံး ၅ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – ဖယ်ခုံ PDF တပ်ရင်း-၂
spot_img
spot_img