spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေတိုးမြင့်လာပြီး စားနပ်ရိက္ခာလိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဘက်က အလုံးအရင်း ထိုးစစ်ဆင်လာမှု ကြောင့် စစ်ဘေးဒုက္ခသည်တွေထပ်မံတိုးလာမြှင့်လာပြီး စားနပ်ရိက္ခာတွေ လိုအပ်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက် ၇ ရက်အတွင်း လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့ဘက်ကို စစ်ကောင်စီတပ်က တင့်ကားတွေ လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပစ်ခတ်တာတွေကြောင့် မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည် ၊ ပန်ကန်းကျေးရွာတွေဘက်က ပြည်သူတွေ ခန့်မှန်း တစ်သောင်းလောက် ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အရပ်သာ ၆ ဦး ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

“အခုဆိုပြေးကြဆိုလို့ ပြေးလိုက်တာပဲ ။ ဘယ်ကိုပြေးရမှန်းမသိဘူး။ ဘာမှလည်းမသယ်သွားနိုင်ဘူး။ လူတကိုယ်ပဲအိမ်ကနေပြေးထွက်လာခဲ့ကြတာ”လို့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ပေါ် မိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့မှာကရင်နီတပ်မတော(KA) နဲ့ စစ်ကောင်စီတပ်တို့ ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ခြမ်း ဟွေပူးလောင်းဧရိယာထဲမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်လာရောက် ဗုံးကျဲ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

“သူတို့တကယ်လာကျဲတာကော ခုနကလည်းလာတယ်အခုလည်းလာတယ်။ တိုက်လေယာဉ်ကတော့ ဒီမနက်ကတည်းကလာတယ်။ ဟို့ခုနကပဲ ဟပ်စကီး လာတယ်။ အခုတောင်မှရှိသေးတယ်။” ကရင်နီကာကွယ်ရေးဒုဝန်ကြီး ခူဒယ်နီယာကပြောပါတယ်။

အခုလို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်နီတပ်မတော်ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ကလည်း ထိုင်းနိုင်ငံထဲက ကရင်နီအမှတ်(၁)ဒုက္ခသည်စခန်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပါတယ်။

“အခု မနေ့ကတည်းက စခန်းထဲက ကွာရာတင်းစင်တာဘက်မှာ အကုန်လုံး သွားနေရတယ်။ လာသမျှသူတွေကို သူတို့စာရင်းမှတ်ထားတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒီမနက်ဇန်နဝါရီလ ၇ ရက်နေ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီရွာ ၊ ၅ မိုင်ရွာ ၊ ၆ မိုင်ရွာရှိနေအိမ် ၁၆ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)/ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)/ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လွိုင်ကော်မြို့ ထွက်ပေါက်တွေမှာဖြစ်နေတာကြောင့် ပြည်သူလူထုတွေက တော်တော်များများထွက်ပြေး တိမ်းရှောင်နေကြသလို မြို့ထဲမှာ ပိတ်မိနေကြသေးတဲ့ သူတွေလည်းကျန်ရှိနေပါသေးတယ်။

မြို့ပြတိုက်ပွဲက လွိုင်ကော်မြို့တွင်း ကူးစက်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးအတွက် စစ်ဘေးလွတ်ရာကို အမြန်ဆုံးတိမ်းရှောင်ကြဖို့ KNDF ဇန်နဝါရီလ ၇ ရက်နေ့က အထူးတိုက်တွန်းထားပါတယ်။

spot_img
spot_img