spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ ဧရိယာအတွင်း ထောင်ထားတဲ့ မိုင်းကို KNDF ရှင်းလင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ ဧရိယာနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာအနီးတစ်ဝိုက်တွေမှာ ထောင်ထားတဲ့ မိုင်းတွေကို ပြည်သူလူထုဘေးကင်းဖို့အတွက် KNDF တပ်ရင်းအလိုက်ကနေပြီး လိုက်လံရှင်းလင်းမှု လုပ်ဆောင်ခဲ့ပါတယ်။

ယမန်နေ့(ဧပြီလ ၂၀ရက်) က ဒီးမော့ဆိုမြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဧရိယာအတွင်း ပြည်သူလူထုနေအိမ်အကြား ထောင်ထားတဲ့ နင်းမိုင်း၊ ရှော့တိုက်မိုင်း နဲ့ လက်နက်ကြီးပို့ယမ်း တချို့ကို KNDF B-06 မှ ဖြုတ်ယူသိမ်းဆည်းခဲ့တယ်လို့ KNDF B-06 ပြန်ကြားရေးတာဝန်ရှိသူ ကိုဇော်ထက်က ပြောပါတယ်။

“နင်းမိုင်းရယ် နင်းလိုက်လို့ရှိရင် ပေါက်ကွဲတဲ့မိုင်းမျိုးရယ် နောက် လျှပ်စစ်နဲ့ ရှော့တိုက်တဲ့ဟာမျိုးပေါ့နော။ ဘက်ထရီ သို့မဟုတ် ဓါတ်ခဲတွေနဲ့ ရှော့တိုက်တဲ့မိုင်းတွေမျိုးပေါ့နော။ အဲ့လိုမျိုးတွေ သိမ်းဆည်းရမိတယ်။ နောက် လက်နက်ကြီးပစ်တဲ့အချိန်မှာ ပို့ယမ်းလို့ခေါ်တာပေါ့နော။ အဲ့ဒီဟာလည်းသိမ်းဆည်းရမိတယ်။
သူတို့(စစ်ကောင်စီ)ကတော့ အများဆုံးကတော့ ပြည်သူလူထုတွေရဲ့ ရွာတွေထဲမှာ ထောင်တယ် သူတို့နေတဲ့ပတ်ဝန်းကျင်ရဲ့ မီတာ ၁၀၀ လောက် အဲ့ပတ်ပတ်လည်မှာထောင်တယ်ပေါ့နော။” လို့ ကိုဇော်ထက်က ပြောပါတယ်။

မိုင်းရှင်းလင်းရေးဟာ အသက်အန္တာရာယ်များပြီး မတော်တဆ ထိခိုက်မှုကလည်း ရှိနေတဲ့အတွက် ရဲဘော်တွေနဲ့ ပြည်သူလူထုထိခိုက်မှုမရှိရေးအတွက် မိုင်းရှာစက်လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“မိုင်းရှာစက်ကောင်းကောင်းလေးဆိုတာ မိုင်းကိုသေချာရှာနိုင်တဲ့စက်ရှိရင်တော့ ကျနော်တို့ဖက်က ဒီထက်ပိုပြီး အလုပ်လုပ်ရတာ ပိုကောင်းတာပေါ့နော။ ဘာလို့လဲဆိုတော့ လူနဲ့ရှာတာထက်စာရင် စက်နဲ့ ဆိုလို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော။”လို့ ကိုဇော်ထက်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း မိုင်းကြောင့် KNDF တပ်ရင်း (၆) က ရဲဘော်တစ်ဦးကျဆုံးခဲ့ရသလို၊ နှစ်ဦးခြေထောက်ဆုံးရှုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် တပ်ရင်းအလိုက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြဖို့ KNDF တပ်ရင်းအလိုက်က တောင်းဆိုထားကြပါတယ်။

တိုက်ပွဲဖြစ်ပွားကာလအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာထဲနေထိုင်ပြီး မိုင်းထောင်ခဲ့တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကျေးရွာကို အရေးကြီးကိစ္စမရှိဘဲ သွားလာခြင်းမပြုလုပ်ဖို့ ၊ အရေးကြီးသွားလာဖို့လိုအပ်ပါက မြေပြင်အခြေအနေနဲ့ ချိတ်ဆက်သွားလာဖို့ KNDF တပ်ရင်းအလိုက်က မေတ္တာရပ်ခံထားပါတယ်။

“တိုက်ပွဲဧရိယာအတွင်းကို တတ်နိုင်သလောက်ရှောင်ရှားဖို့ပေါ့နော။ အရမ်းအရေးမကြီးရင် အိမ်ပြန်မယူတာမျိုးပေါ့။ တကယ်လို့ အရမ်းအရေးကြီးတဲ့ဟာမျိုးဆိုရင်လည်း ကျနော်တို့ KA ၊ KNDF တပ်ဖွဲ့တွေနဲ့ တိုင်ပင်ပြီး ပစ္စည်းယူထုတ်တာမျိုးတွေလုပ်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အဲ့လိုမျိုးတိုက်တွန်းချင်ပါတယ်။” လို့ KNDF B-06 ပြန်ကြားရေးတာဝန်ရှိသူ ကိုဇော်ထက်က တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက် စစ်ကောင်စီဟာ တပ်စွဲခဲ့တဲ့ နေရာတွေ၊ ကျေးရွာတွေမှာ မိုင်းတွေကို ထောင်ထားတာတွေ ပြုလုပ်ပါတယ်။ ကျေးရွာမှာ မိုင်းတွေထောင်ထားခဲ့တာကြောင့် ဒေသခံတွေ မိုင်းနင်းမိပြီး သေဆုံးတာတွေ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ရက်နေ့မှာလည်း စစ်ကောင်စီ တစ်လကျော် တပ်စွဲခဲ့ပြီး ထောင်ထားခဲ့တဲ့ မိုင်း ၁၄လုံးကို KNDF B-02 က သွားရောက်ရှင်းလင်းခဲ့ပါတယ်။

အလားတူ KNDF တပ်ရင်း(၄) ကလည်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်ကောင်စီမှ ထောင်ထားတဲ့မိုင်းကို အထိအခိုက်မရှိစွာ ပြန်လည်ဖြုတ်ယူနိုင်ခဲ့တယ်လို့ ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts