spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိခိုက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈နာရီဝန်းကျင်လောက်မှာ မိုးဗြဲမြို့အခြေစိုက် (၄၂၂)တပ်ရင်းမှ ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာရှိရာဖက်ကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ရာမှ အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

“မြေပြင်အခြေအနေကတော့ ကျနော်သိရသလောက် အဲ့ဒီ အသက် ၇၀အရွယ်လောက်ရှိတဲ့ အဖိုးကြီးတစ်ယောက်တော့ ဒဏ်ရာရထားတယ်လို့တော့ကြားတယ်။ တခြားဒဏ်ရာရတဲ့သူနှစ်ယောက်ရှိတယ်လို့ကြားတယ်။ တချို့အိမ်တွေလည်း အဲ့မှာ ထိခိုက်ထားတာရှိတယ်ဗျ။သူတို့က(စစ်ကောင်စီ) ၄၂၂ထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ၄၊ ၅လုံးလောက်ပစ်လိုက်တယ် အဲ့လိုမျိုးပေါ့ ကဖုရွာမှာ ထိခဲ့တာရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်ရှိ ကဖုကျေးရွာကို လက်နက်ကြီး ၆ချက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ကဖုကျေးရွာက အသက် ၇၂နှစ်အရွယ်ရှိတဲ့ ဦးအန်းဂျေလို နဲ့ အသက် ၁၄နှစ်အရွယ် မကယ်ရိုမင်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲအနီးတစ်ဝိုက်ကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေ နေ့စဉ်လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိုးဗြဲဒေသခံ တဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက အရပ်သားရှိရာနေရာကို တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်တာတွေဟာ ပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်နေတာဖြစ်တယ်လို့ ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တာဝန်ရှိသူ တဦးကဆိုပါတယ်။

“စစ်တပ်ကအဲ့လိုမျိုးပဲ ထုံးစံအတိုင်းပဲ သူတို့ရမ်းရမ်းပစ်တယ်ဗျ။ ၄၂၂က ရေကာတာစောင့်တဲ့ တပ်တစ်ခုရှိတယ် အဲ့ဒီနားကနေပစ်တာ။ ပုံမှန်အတိုင်းဆို ဒီအတိုင်းပဲ ပစ်နေကြပဲလေ လျှောက်ပစ်တာ အရပ်သားတွေနေတဲ့နေရာကို။ စစ်တပ်တွေကလေ သူတို့က ပြည်သူတွေကိုပဲ ဦးတည်တိုက်ခိုက်နေတာပဲ။ တကယ်တမ်းဆိုရင် နိုင်ငံတကာဥပဒေနဲ့တော့ ဘားမှမညီတဲ့ဟာတွေပေါ့။ အဲ့နားမှာဆိုရင်လည်း ရွာသားတွေပဲရှိတဲ့ဟာ ဘားမှ သူတို့ရန်သူမရှိဘူးလေ။ အဲ့ဒါကို တမင်သက်သက်ဦးတည်တိုက်နေတာပေါ့။ ဖယ်ခုံမှာဆိုရင်လည်း ညစဉ်ညတိုင်း မြို့တွေထဲကော ရွာတွေထဲကော ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ပြီး ပစ်နေတာရှိတယ် နေ့တိုင်းကိုပစ်နေတာ။ ကျနော်တို့တွေတောင်မှ တချို့ကိစ္စတွေဆိုရင် သတင်းတောင် ဘားမတင်တော့ဘူး။ နေ့တိုင်း အထူးအဆန်းတောင်မဟုတ်တဲ့ပုံစံမျိုးဖြစ်နေလို့လေ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေကြတယ်” လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဖယ်ခုံမြို့တွင်းမှာ လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီတပ်က နေရာယူတပ်စွဲထားတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ ဖယ်ခုံ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင် နဲ့ ကုန်းဆုံဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် ဒေသခံသောင်းချီဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ အရပ်သား သေဆုံးသူ ၂၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၁၆ ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ယက်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img