spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီမှ ယခုရက်ပိုင်းအတွင်း လေကြောင်းလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်ဆောင်နေ

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ထိတွေ့တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ ယခုရက်ပိုင်း လေကြောင်းဖြင့် လှုပ်ရှားသွားလာခြင်း၊ ကင်းထောက်ပျံဝဲခြင်းကို ခပ်စိပ်စိပ် လှုပ်ဆောင်လျက်ရှိနေပါတယ်။

“လေကြောင်းနဲ့ကတော့ နေ့စဥ်နီးပါးပါပဲ ။ အဓိကကတော့ ဒီရက်ပိုင်းအတွင်းမှာ လေယာဥ်နဲ့ ကင်းထောက်တာ ကို ဆက်တိုက်လုပ်နေတယ်။ ပြီးတော့ ဒီ လွိုင်ကော်-ဒီးမော့ဆို -ဖရူဆို -ဘောလခဲ ဖက်ကို ရဟက်ယာဥ် အသွားအပြန် လုပ်တယ်။ ရဟတ်ယာဥ်ကတော့ ရိက္ခာ ၊ လက်နက် ၊ ခဲယမ်းတွေ ပို့ဆောင်တာလို့ ယူဆရပါတယ်။” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း မှာ မတ်လ (၉)ရက်နေ့မှစ ကရင်နီတော်လှန်ရေးအင်အားစုနဲ့ ထိုးစစ်ဆင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိနေသလို စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှု အကြိမ်ရေ ၂၀ အထက်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားထားပါတယ်။

စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး ကင်းထောက်ပျံဝဲခြင်း ၊ ရဟတ်ယာဥ်အသွားအပြန် ပြုလုပ်ခြင်းတွေကြောင့် အနီးဝန်ကျင်းရှိ ဒေသခံတွေ ၊ စစ်ဘေးရှောင်အရပ်သားတွေဟာ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တဲ့အပေါ် စိုးရိမ်မှုရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

” အရင်တစ်ခါက လေယာဥ်နဲ့ လာပစ်ခံရတာကို ကြုံခဲ့ဖူးတော့ လေယာဥ်သံကြားရရင်ကို ကြောက်နေပြီ။ ခုက လေယာဥ်က နေ့တိုင်းလိုလို လာဝဲတော့ အရမ်းကြောက်တယ် ။ ပတ်ပြေးရမလား ဝပ်နေရမလား အစုံပဲပေါ့။ ကျနော်တို့က အရပ်သားဆိုတော့ ဘယ်လိုပဲ တိုက်ခိုက်ပစ်ခက်မှုတွေရှိရှိ အရပ်သားပြည်သူ တွေကိုတော့ ပစ်မှတ်ထား တိုက်ခိုက်မှာကို အစိုးရိမ်ဆုံးပဲ ” လို့ စစ်ဘေးရှောင် တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကာင်စီရဲ့ ရဟတ်ယာဥ်ဟာ မတ်လ (၁၉)ရက်နေ့မှာ လွိုင်ကော်မှ ဒီးမော့ဆို ၊ ဖရူဆို ဖက်သို့ (၃)ကြိမ်ခန့် အသွားအပြန် ပျံဝဲခဲ့သလို ကင်းထောက် လေယာဥ်လည်း (၃)ကြိမ် ပျံဝဲခဲ့ပါတယ်။

ယနေ့ မတ်လ (၂၀)ရက်နေ့မှာလည်း ယမန်နေ့ ပျံသန်းခဲ့တဲ့ လမ်းကြောင်းအတိုင်း ကင်းထောက်လေယာဥ် (၂)ကြိမ်ခန့် ပျံဝဲခဲ့သလို ရဟတ်ယာဥ် တစ်စီးမှာလည်း ဘောလခဲ ဖက်မှ လွိုင်ကော်ဖက်ကို အသွားအပြန် ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

spot_img
spot_img