စစ်ကောင်စီမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဟောင်းတွေရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီး

0
1089

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတွေရဲ့ နေအိမ်ကို စစ်ကောင်စီအဖွဲ့မှ ဧပြီလ ၃၀ရက်နေ့ နံနက်အစောပိုင်းမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

နံနက်အစောပိုင်း ၃နာရီကျော်အချိန်ခန့်က နောင်ယား(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ခူးလောရင်းရှိုနေအိမ်ကို စစ်ကောင်စီအဖွဲ့မှ ခြံတံခါးရိုက်ချိုးပြီး နေအိမ်အတွင်းဝင်ရောက်ရှာဖွေခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးဟောင်းက နေအိမ်မှာမရှိတဲ့အတွက် ဖမ်းဆီးခံရခြင်းမရှိဘူးလို့ သိရပါတယ်။

“ဒီမနက်သွားကြည့်တော့ တော်တော်လေးဖျက်ထားတာတွေ့ရတယ်။ အိမ်ရှင်လည်းမရှိဘူး အဒေါ်တစ်ယောက်ပဲရှိတယ်ပေါ့ အသက်ကြီးနေပီ ၇၀လောက်ရှိတယ်။ သူနှုတ်ထွက်စာတင်ပြီးတော့ ရွာမှာပဲပြန်နေတာလေ” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက အတည်ပြု ပြောကြားပါတယ်။

နွားလဝိုးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦး​စောဖိုးလှမင်းရဲ့ နေအိမ်ကိုလည်း ဧပြီလ ၃၀ ရက်နေ့ ဒီကနေ့ နံနက်အစောပိုင်းမှာ လာရောက်ပြီး စစ်ဆေးစရာရှိတယ်လို့ဆိုပြီး ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတွေရဲ့ စာရင်းကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ အတိအကျ မသိရှိရသေးပါဘူး။

လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ တွေမှာ ကာရံထားတဲ့ ပြည်သူ့လုံခြုံရေး အတားအဆီးတွေကိုလည်း စစ်ကား၊ ရဲကားများဖြင့် လိုက်လံဖယ်ရှားနေကြတယ်လို့ သိရပါတယ်။