spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယာယီပိတ်ထားတဲ့ စာသင်ကျောင်း မဖွင့်နိုင်သေး၊ ကလေးများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေ

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်အတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်လေ့ရှိပြီး စာသင်ကျောင်းအနီးတွေမှာ ကျရောက်ပေါက်ကွဲတာတွေ ရှိနေတဲ့အတွက် ကလေးတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေတယ်လို့ စေတနာ့ဝန်ထမ်းအဖြစ် စစ်ရှောင်ကျောင်းတစ်ကျောင်းမှာ သင်ကြားပေးနေတဲ့
ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဒေါအယ်မူးလာ က ပြောပါတယ်။

“ကျမတို့ စာသင်နေတဲ့အချိန်မာ လေယာဥ် ပျံဝဲလာပြီဆိုရင် ကျမတို့ အရမ်းကိုကြောက်တယ်။ ကလေးတွေလည်း ကြောက်တယ်။ သူတို့တွေက အဝေးကနေ အသံ ကြားတာတောင်မှ အရမ်းကိုကြောက်တယ်။ သူတို့အရင်ကတော့ ဒါမျိုးကြုံဖူးတာ မရှိဘူး။ ခုကလည်း ခဏခဏဖြစ်တယ်။ လက်နက်ကြီးကလည်း ရွာဘေးမာလည်း တစ်ခါကျဖူးတာလည်း ရှိတယ်။ နောက်အခု ရွာနံဘေးတွေမှာလည်း ခနခဏကျတော့ ကလေးတွေကလည်း အရမ်းကိုကြောက်တယ်။ သူတို့စိတ်ပိုင်းဆိုင်ရာမှာ တော်တော်လေး ထိခိုက်တယ်လို့ ပြောရမာပေါ့နော်။ ပြီးတော့ သူတို့ ပညာရေးမှာလည်း ထိထိရောက်ရောက် မရှိတော့ဘူး ပြောရမလား။ အရင်တုန်းကတော့ လွတ်လွတ်လပ်လပ် စာသင်ရတယ်။ အခုဆိုရင်သူတို့က ကြောက်ကြောက်နဲ့ ပညာကို သင်ယူနေရတယ်”
ကျောင်းဆရာမ ဒေါအယ်မူးလာက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီပြည်ကို စစ်ကောင်စီက တိုက်လေယာဥ် နီးကပ်စွာ ပျံဝဲခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကြောက်လန့်နေကြတဲ့အတွက် ဒီးမော့ဆိုအရှေ့ခြမ်းရှိ ​စာသင်ကျောင်း နှစ်ကျောင်းယာယီ ပိတ်ထားခဲ့ပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေကြပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေတာကြောင့် ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းလည်း မရှိသေးပါဘူး။

တစ်ကျောင်းကတော့ ဒုတိယအကြိမ် စာမေးပွဲကို ပြီးဆုံးအောင် ဖြေဆိုနိုင်ခဲ့ပေမယ့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကိုတော့ ကျင်းပချိန် မရခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း တစ်ကျောင်းဟာလည်း ကျောင်းပုံမှန် မဖွင့်တော့ပဲ ကလေးတွေ စာနဲ့ မဝေးအောင်ဆိုပြီး တစ်ပတ်ကို ၃ ရက်သာ သင်ကြားပေးနေတာ လို့သိရပါတယ်။

“စာမတတ်တော့ဘဲ ပညာမတတ်ဖြစ်သွားရင် လူဆိုးလူမိုက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တစ်ခါနားလိုက် တစ်ခါတက်လိုက် စာမေးပွဲမဖြေရရင်လည်း စာတွေ့ရှိတယ်ဆိုရင် ပိုကောင်းတာပေါ့ စိတ်လည်းချမ်းသာတာပေါ့” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ကိုယ်ထူကိုထ စာသင်ကျောင်းပေါင်း ၂၈ ကျောင်းလောက်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင် ဆယ်ကျော်သက် လူငယ်များ ပညာရေး ဆက်လက်သင်ကြားနိုင်ဖို့ သင်တန်းကျောင်း ဖွင့်လှစ်ထားတာတွေလည်း ရှိပါတယ်။

spot_img
spot_img