spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေ ပစ်ခတ်တဲ့ စစ်ကောင်စီကြောင့် တိုက်ပွဲဖြစ်ပွါးရာမှ IDP စခန်း (၃) ခု ထပ်မံပြောင်းရွေ့ရ

Author

Date

Category

ကေးဒူ ( ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ခြောက်မိုင်အုပ်စုအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်မှုကြောင့် လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ စစ်ရှောင်စခန်း (၃)ခု ထပ်မံ ရွေ့ပြောင်းကြရတယ်လို့ သိရပါတယ်။

“ကျနော်တို့သိရသလောက်ပေါ့နော်။ အဓိက စခန်း (၃) ခုရှိတယ်ပေါ့။ စခန်း (၃)ခုကနေ ထပ်ရှောင်တော့ အဲဒီ (၃)ခုထဲမှာ လူဦးရေက တစ်ထောင်ကျော်ရှိပါတယ်။ တစ်ထောင်နဲ့ နှစ်ရာ ဝန်းကျင်ပေါ့နော်။ ကျောင်းနေကလေးကတော့ ကျနော်တို့ မမှားဘူးဆိုရင် ၃ဝဝ ကျော်ကျော်လောက်တော့ ရှိပါတယ်။ ဒါပေမယ့် ဒီ့အပြင် တချို့ရွာတွေထဲက ကလေးကလည်း IDP စခန်းမှာ ကျောင်းသွားတက်တာတွေ ရှိတယ်ပေါ့နော်။ အဲတော့ ရွာကလူတွေနဲ့ ထပ်ပေါင်းရင်တော့ ကလေးဦးရေ (၅၀၀)နီးပါးလောက်ရှိတယ်လို့” ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ စပြီးတိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီးမော့ဆို အခြေစိုက် ခမရ (၄၂၇) တပ်၊ ခလရ (၁၀၂) တပ် တို့ကနေ လက်နက်ကြီးတွေ အမြောက်အများ နေ့စဥ်ပစ်ခတ်နေတာကြောင့် စစ်ရှောင်စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိတဲ့အတွက် အရင်စစ်ရှောင်စခန်းနေရာမှာ နေထိုင်လို့ မရတော့ပဲ ဇန်နဝါရီလ ၂၅ ရက်နေ့စပြီး ဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်းကြရတာ ဖြစ်တယ်လို့ စစ်ရှောင်နေသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“အမိုးအကာလေးတွေနဲ့ အကုန်လုံး အခြေတကျလေး လုပ်ထားတယ်။ နောက်သူတို့(စစ်ကောင်စီ) လက်နက်ကြီးတွေက ညရော နေ့ရော မပျက် အရမ်းပစ်တဲ့အခါကျတော့ အကုန်လုံးနေရာအနှံ့လိုလိုကျတော့ ဘယ်သူ့မှ မနေရဲတော့ဘူး။ အဲနေရာမှာ (၅)ယောက်လောက်လည်း လက်နက်ကြီး ထိမှန်ထားတာလည်း ရှိတယ်ပေါ့။ အဲ့ရက်က (၂၄) ရက်နေ့က” လို့ စစ်ရှောင်နေသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လူဦးရေ တစ်ထောင်ကျော်ကနေ တစ်ကွဲတစ်ပြားစီ၊ တစ်နေရာစီ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင် ပြေးလွှားကြရတယ် စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ကားတွေ ဆိုင်ကယ်တွေ မရှိတဲ့ သူတွေကတော့ ကယ်ဆယ်ရေး လာရောက်ကူညီတာကို စောင့်ရပြီး ကားတစ်စီးကို ပစ္စည်းမျှပြီးတော့ တင်ကြရတယ်လို့ ပစ္စည်းရွေ့ပြောင်းနေတဲ့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

“ကျနော်တို့လည်းဒီမှာ ရွေ့လာနိုင်တဲ့သူလည်းရှိတယ်။ မရွေ့လာနိုင်တဲ့သူလည်း ရှိသေးတယ်။ အခုချိန်မှာ အခက်အခဲ တအားဖြစ်နေတာဆိုတော့ ကျနော်တို့မှာတော့ စက်မရှိ ကားမရှိတော့ ငှားရတယ်ဆိုလည်း လာကူပါတယ်။ ကယ်ဆယ်ရေးရှိတယ်။ ဒါပေမယ့် တစ်ယောက်နည်းနည်းစီပေါ့နော်။ ကားတစ်စီးကို မျှပြီးတော့မှ တင်ပေးရတယ်။ အဲလိုမျိုးတွေပေါ့။ အခုလုံးလုံးမသယ်နိုင်သေးတဲ့သူတွေလည်း ရှိသေးတယ်။အပြီးအစီးသယ်ပြီးတဲ့လူလည်းရှိတယ် “လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

ကျောင်းသားကျောင်းသူ အပါအဝင် လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ အဲဒီစစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မေလက ကရင်နီပြည်အတွင်း တိုက်ပွဲစတင်ဖြစ်ပွါးချိန်ကတည်းက ဘေးလွတ်ရာလို့ ယူဆပြီး (၂) နှစ်နီးပါး နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာ အခက်အခဲများစွာ နဲ့ ကြုံတွေ့နေကြရတယ်လို့ ထပ်မံရွေ့ပြောင်းရတဲ့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts