spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ ဒဏ်ရာရသူရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆို​မြို့နယ် ၆မိုင်စံပြကျေးရွာမှာ ဒီကနေ့ ဧပြီလ ၂၇ရက်နေ့ နေ့လည်ပိုင်းမှာ စစ်တပ်နဲ့ရဲ တွေရဲ့ ကျည်အစစ်နဲ့ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသားမှာ ၆မိုင်၊ ကယောပိုင်းမှာနေထိုင်တဲ့ အသက် ၅၀ဝန်းကျင်ရှိ ဦးပေါလူ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်ကရွာထဲက ဂိတ်တွေလိုက်ဖျက်တဲ့အချိန် ၆မိုင်နားရောက်တော့ ရွာထဲကလူတွေကတော့ သူတို့အိမ်ရှေ့ကနေရပ်ကြည့်ကြတယ်။ လူကြီးတချို့ကတော့ စကားပြောတာတွေ့တယ် အဆင်မပြေဘူးထင်တယ် သူတို့လှည့်ပြန်သွားတယ်။ ရဲ ၄၊ ၅ယောက်က လမ်းပေါ် သေနတ်ကိုင်ပြီး တက်လာတယ်တွေ့တယ် အဲ့မှာ သေနတ်နဲ့စပစ်တော့တာပဲ။ ကျတော်တို့လည်း ထွက်ပြေးရတယ်။ ကျည်ဆံ ထိတဲ့သူ ၂ယောက်ရှိတယ်လို့ကြားတယ်။ တစ်ယောက်က ခေါင်းနား ရှပ်ထိသွားတော့ ဘားမှမဖြစ်ဘူးလို့ပြောတယ်။ နောက်တစ်ယောက်ကတော့ ဗိုက်မှာ ၆ချက်လောက်ထိသွားတယ်။ ရာဘာကျည်ထိတာတော့ ၄ယောက်လောက်ရှိတယ်” လို့ ​အဲ့ဒီနေရာမှာရောက်ရှိခဲ့တဲ့ ဒေသခံတစ်ဦးက မြင်တွေ့ခဲ့ရတာကို ပြောပါတယ်။

ဒီမနက်ပိုင်းမှာ ဒီမော့ဆိုမြို့နယ်အတွင်း၊ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်း၊ ၆မိုင်စံပြ စတဲ့နေရာက ပြည်သူ့လုံခြုံရေးအတားအဆီးတွေကို စစ်တပ်နှင့်ရဲ အင်အားအများအပြားက ဖြိုဖျက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒီမော့ဆိုမြို့နယ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ သပိတ်ကို စစ်တပ်နဲ့ရဲတွေက လာရောက်ဖြိုခွင်းမှုမရှိခဲ့ပေမယ့်လည်း ဒီနေ့မှစ မြို့/ ကျေးရွာ အဝင်အထွက်က ပြည်သူ့လုံခြုံရေး အတားအဆီးတွေကို စတင် ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်စနစ်ဆန်​ကျင်ကန့်ကွက်တဲ့ သပိတ်ကို လက်ရှိအချိန်ထိ ပြုလုပ်လျက်ရှိပါတယ်။

စစ်တပ်မှ ပြည်သူလူထုကို အကြမ်းဖက်ရိုက်နှက်၊ အင်အားသုံး ဖြိုခွင်းမှုကြောင်း သေဆုံးသူ ၄ဦးရှိနေပြီ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts