spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ်အာဏာသိမ်းပြီးနောက် ဖားဆောင်းမြို့မှာ ဘာတွေ ဖြစ်နေလဲ။

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နဲ့ မိုင် ၈၀ ခန့်အကွာမှာ တည်ရှိတဲ့ ဖားဆောင်းမြို့နယ်ဟာ ကရင်နီပြည်ထဲက သေးငယ်တဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး ဖြတ်သန်းစီးဆင်းလာတဲ့ သံလွင်မြစ်ရဲ့ ဂုဏ်ရှိန်ကြောင့် လူသိများတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ပေါင်းရာချီရှိနေပြီဖြစ်တဲ့ မော်ချီးခဲသတ္တုတွင်း တည်ရှိရာ မြို့ငယ်လေးတစ်မြို့လည်း ဖြစ်ပါတယ်။ ထိုင်း – ကရင်နီနယ်စပ်ကို ဖြတ်သန်းသွားလာဖို့ စီးပွားရေးအရ အချက်အချာကျတဲ့ မြို့ငယ်လေးလည်း ဖြစ်နေပါသေးတယ်။

လူမျိုးပေါင်းစုံနေထိုင်သလို စစ်ကောင်စီတပ်စခန်းတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း စုံလင်တဲ့ မြို့ငယ်လေးပါ။ လူဦးရေအားဖြင့်တော့ ၂၀၁၉ ခုနှစ်ရဲ့ သန်းခေါင်စာရင်းအရ နှစ်သောင်းသုံးထောင်ကျော်ရှိပြီး မြို့နယ် ၉ မြို့နယ်ရှိတဲ့ ကရင်နီပြည်နယ်ရဲ့ စတုတ္ထမြောက် လူဦးရေအများဆုံး မြို့နယ်ဖြစ်ခဲ့ပါတယ်။

ဖားဆောင်းဒေသခံတွေဟာ ခဲသတ္တုတူးဖော်ရေးနဲ့ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြရတာပါ။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအခြေအနေ

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ဖားဆောင်းမြို့နယ်နဲ့ ဘောလခဲ မြို့နယ်ရဲ့ စစ်ကောင်စီအစိုးရ လက်အောက်ခံ ဝန်ထမ်းတွေကို အပြောင်းအလဲလုပ်ခြင်း၊ ဝန်ထမ်းတွေရဲ့ စားနပ်ရိက္ခာ၊ လစာများ ပေးပို့ခြင်းတွေကို ရဟတ်ယာဉ်ကို အသုံးပြုပြီး ဖားဆောင်းမြို့ပေါ်မှာ ရဟတ်ယာဉ် ဆင်းသက်ကာ ဘောလခဲမြို့ကိုတော့ ကားဖြင့် ပြန်လည်ပို့ဆောင်ကြတယ်လို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီအစိုးရလက်အောက်ခံ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတွေကတော့ ဝန်ထမ်းအိမ်ယာမှာ နေထိုင်ပြီး ရံဖန်ရံခါ ရုံးတက်တာမျိုးတွေကိုတော့ တွေ့ရပေမယ့် ယခင်ကလောက် ရုံးကိုပုံမှန်တက်တာမျိုး မရှိတော့ဘူးလို့ ဝန်ထမ်းအိမ်ယာနဲ့ နီးစပ်တဲ့ ဒေသခံတွေက ဆိုပါတယ်။

တချို့သော အစိုးရရုံးတွေကိုတော့ စစ်တပ်ကနေ ရုံးရှေ့တွေမှာ လုံခြုံရေး ချထားတာမျိုး ရှိပေမယ့် ဝန်ထမ်းအဝင်အထွက် ရုံးတက်ရုံးဆင်းပြုလုပ်တာမျိုးကိုတော့ ပုံမှန်မတွေ့ရဘူးလို့ ဆိုပါတယ်။
မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေကိုတော့ ပုံမှန်ဖွင့်လှစ်ထားပြီး စစ်တပ်အသိုင်းအဝိုင်း၊ မြို့နေ ကလေးတချို့က ကျောင်းတက်တာမျိုးတွေတော့ ရှိတယ်လို့ သိရပါတယ်။

“အစိုးရဝန်ထမ်းတော်တော်များများကတော့ သူ့ဟာပုံမှန်လည်ပတ်နေသယောင် ရှိပေမယ့်ပေါ့နော။ တချို့ဆိုရင် ရုံးမသွားပဲနဲ့ အိမ်မှာနေတာတွေလည်း ရှိတယ်။ ပြီးတော့ ရုံးသွားချင်တဲ့လူက သွားတယ်။ အဲ့လိုမျိုး ပုံစံမျိုးလည်း ရှိတယ်ပေါ့နော။ ထွေအုပ်ကတစ်ယောက်ပြောတာကတော့ သူတို့ရုံးကတော့ ဖွင့်နေတယ်။ ဒါပေမယ့် အရှေ့ဖက်မှာ ကြည့်လိုက်ရင်တော့ စစ်သားတွေပဲ ပိတ်နေတယ်ပေါ့နော။ စစ်သားတွေကတော့ ခံနေပေမယ့် အနောက်မှာတော့ ရုံးဖွင့်တယ် သူတို့ အဲ့လိုပြောတာတော့ ကြားတယ်ပေါ့နော။”

ဒါကတော့ ဖားဆောာင်းမြို့နေ ဒေသခံ လူငယ်တစ်ဦးက စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအစိုးရလက်အောက်ခံ ဌာနဆိုင်ရာတွေရဲ့ ယန္တာရားလည်ပတ်မှုကို သူ မျက်မြင်တွေ့ရှိရတာနဲ့ ပတ်သက်ပြီး ပြောပြတာပါ။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာလုပ်ငန်းတွေဟာ လည်ပတ်နေသယောင် ရှိပေမယ့် ဖားဆောင်းမြို့ရဲ့ အခြေအနေကို မျက်မြင်ကိုယ်တွေ့ ဖြစ်တဲ့ ဒေသခံများရဲ့ ပြောကြားချက်အရတော့ ဝန်ထမ်းတွေဟာ ဝန်ထမ်းအိမ်ယာမှာနေထိုင်ရပြီး ရုံးတက်ရုံးဆင်း ပုံမှန်လုပ်ဆောင်နေတာမျိုးကို မတွေ့ရပဲ ရုံးတွေကိုတော့ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတွေက လုံခြုံရေးယူထားတယ်လို့ဆိုပါတယ်။

တွင်ကျယ်လာတဲ့ လောင်းကစားအခြေအနေ

လက်ရှိမှာတော့ မြို့အဝင်အထွက်နေရာတွေကို စစ်ကောင်စီ တပ်သားတွေ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ စ.ရ.ဖ၊ ရဲ စတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ကင်းစောင့်တာမျိုးတွေ ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဖားဆောင်းမြို့အတွင်းမှာ ကြက်တိုက်တဲ့ လောင်းကစားကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ဘိလိလက်၊ ဇယ် စတာတွေကို လောင်းကစားအဖြစ် ဆိုးရွားစွာ ပြုလုပ်လာနေကြပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဟာ နေရာတော်တော်များများမှာ ပေါ်ပေါ်ထင်ထင် ပါဝင်လာနေတယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

တပ်ရဲ့ အနီးအနားမှာပဲ အဆိုပါ လောင်းကစားပြုလုပ်တဲ့ နေရာတွေရှိပြီး အစိုးရဝန်ထမ်းတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတာတွေကို မကြာခဏ တွေ့မြင်ရတယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတွေက ဆိုပါတယ်။

“လောင်းကစားက အရင်တုန်းကဆို သိပ်မတွေ့ရဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ပိုများလာတာ တွေ့ရတယ်။ အများအားဖြင့် ဝန်းထမ်းတွေလည်း ရှိတယ်။ ဒေသခံတွေလည်း ပါဝင်နေတယ်။ ရောနှောနေတာပေါ့။ ပြီးတော့ တချို့ရဲဝန်ထမ်းတွေဆိုရင် ကျနော်ကိုယ်တိုင်တွေ့တယ်ပေါ့နော။ သူတို့က ယူနီဖောင်းတော့ မဝတ်ထားဘူး ဒါပေမယ့် ကြက်ကိုချီပြီးတော့မှ ကြက်သွားတိုက်တာတွေ လောင်းကစားတွေ လုပ်တာတွေ တွေ့ရတယ်ပေါ့နော။”

ဖားဆောင်းမြို့နေ ဒေသခံတစ်ဦးမှ သူကိုယ်တိုင်တွေ့ကြုံနေရတဲ့ ဖားဆောင်းမြို့အခြေအနေလေးကို ရှင်းပြထားတာပါ။

“အခုလို မြင်ရတော့ စိတ်မကောင်းဘူးပဲ ပြောရမှာပေါ့နော။ ဒီဝန်ထမ်းတွေကလည်း လောင်းကစားတွေလုပ်တယ်။ ပြီးတော့ သူပြိုင်၊ ကိုယ်ပြိုင် ပြောနေတာလည်း ကြားရတယ်ပေါ့နော။ အဲ့မျိုးဆို ကိုယ့်အနေနဲ့ဆို စိတ်မကောင်းဘူးပေါ့နော။ တခြား ဒေသခံတွေကတော့ တီးတိုးတီးတိုး ပြောတာတွေ ရှိတာပေါ့။ သူတို့က ဒီလိုပဲဆိုတော့ ဒီလိုပဲ ရှိမှာပေါ့ ဆိုပြီး မကောင်းကြောင်းတွေ တိုးတိုးတိတ်တိတ် ပြောတာတော့ ရှိတာပေါ့။” လို့ ဒေသခံတစ်ဦးက သူ့ရဲ့ မျက်မြင်တွေ့ရှိမှုနဲ့ ထင်မြင်ချက်တွေကို ပြောပြလာတာပါ။

ဝန်ထမ်းယူနီဖောင်းဝတ်ထားတာမျိုးတော့ မဟုတ်ပေမယ့် မြို့ငယ်လေးဖြစ်တဲ့ ဖားဆောင်းမြို့မှာ ဝန်ထမ်းတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာကို သိမြင်နိုင်ပါတယ်။ အဓိက လောင်းကစားလုပ်တဲ့ ဝန်ထမ်းတွေထဲမှာ ရဲဝန်ထမ်းတွေ အများစုပါဝင်နေတယ်လို့ သိရပါတယ်။

မြို့ ရဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး

လွိုင်ကော်မြို့ကနေ ဖားဆောင်းမြို့နယ်ကိုရောက်ဖို့ ယခင်က နှစ်နာရီ ဝန်းကျင် နှင်ရတဲ့ ခရီးမှာ အခုဆိုရင် အစစ်အဆေးတွေ၊ လမ်းကြောင်းအခြေအနေတွေကြောင့် ယခင်ကထက် နှစ်ဆနီးပါး ခရီးကြာချိန်ကို နှင်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖားဆောင်းမြို့နယ်အတွင်းမှာ အင်တာနက်လိုင်း ရဖို့ မဆိုထားနှင့်၊ ဖုန်းလိုင်းရတဲ့ နေရာမှာတောင် အချိန်ပြည့်ရတာမျိုးမဟုတ်ပဲ အချိန်အကန့်အသတ်ဖြင့်သာ သုံးစွဲနေကြရတာပါ။ မော်ချီးဒေသမှာ နေထိုင်သူတွေကတော့ အနီးစပ်ဆုံး နာရီပိုင်းကြာအောင် ဆိုင်ကယ်ခရီးဖြင့် မောင်းနှင်ရတဲ့ ဖားဆောင်းမြို့တွင်း နေရာတွေမှာ သွားရောက်အသုံးပြုနေရတာပါ။

မော်ချီးဒေသမှာ ဖုန်းလိုင်းအနည်းငယ်ရတာမျိုး ရှိပေမယ့် သုံးလို့ ရတဲ့အနေအထား အထိတော့ မဟုတ်ဘူးလို့ သိရပါတယ်။

“အင်တာနက်လိုင်းတွေကတော့ အဆင်မပြေဘူးပေါ့နော။ သူတို့က ဆိုလာနဲ့ပဲ ပေးနေတယ်ပေါ့နော။ သူတို့ ဆက်သွယ်ရေးဝန်ထမ်းတချို့တွေရဲ့ ပြောစကားအရခါကျတော့ MPT က လူတွေရဲ့ ပြောစကားအရတော့ ဖိုက်ဘာကြိုးတွေ ပြတ်နေလို့ လိုင်းမရတာပေါ့နော အဲ့လိုပြောတယ်။ ဒါပေမယ့် အဲ့ဖက်မှာကတော့ C လိုင်းနဲ့ MPT နဲ့ပဲ ရတယ်ပေါ့နော။ ဒီဖုန်းလိုင်းကတော့ ရတယ်ဆိုလို့ ဖားဆောင်းမြို့ထဲလောက်ပဲ ရှိတာပေါ့နော။ မော်ချီးဖက်မှာဆိုရင်တော့ တနေရာမှ မရဘူးပေါ့နော။ ၁၃ ကုန်းရပ်ကွက်ပေါ့။ တနေရာမှာတော့ ဖုန်းလိုင်း နည်းနည်းလေး ရတဲ့နေရာရှိတယ်။” လို့ မော်ချီးကို ရောက်ရှိခဲ့တဲ့ ဖားဆောင်းမြို့နေ ဒေသခံတစ်ဦးက သူ ရောက်ရှိနေစဉ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ ဆက်သွယ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြတာပါ။

ဖားဆောင်းမြို့တွင်းမှာတော့ ဖုန်းလိုင်းရတဲ့နေရာတွေ ရှိပေမယ့် အချိန်အကန့်အသတ်ဖြင့်သာ ရရှိတယ်လို့ ဆိုပါတယ်။

“သွားရလာရတာလည်း အဆင်မပြေဘူးပေါ့နော။ ပြီးတော့ သူတို့ စရဖတွေ
စစ်တပ်က လွတ်ထားတဲ့ ထောက်လှမ်းရေးတွေလည်း အများကြီး ရှိတယ်ပေါ့နော။ အဲ့ဒါတွေ တွေ့ရတယ် ပြီးတော့ ဒီဖားဆောင်းမြို့ထဲမှာဆိုရင် အရင်တုန်းက မတွေ့ဖူးတဲ့ မျက်နှာစိမ်းတွေ တော်တော်များများ တွေ့လာရတယ်ပေါ့နော။ ဒေသခံတွေအတွက် လုံခြုံမှုရှိလားဆိုတော့ အရင်တုန်းကလောက်တော့ လုံခြုံမှုတော့ မရှိတော့ဘူးပေါ့ သူ့ဟာက ဘယ်အချိန်မှာ ထဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုနဲ့ပဲ နေရတာပေါ့။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားဆောင်းမြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် လုံခြုံမှုမရှိပဲ နေ့စဉ် စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရကြောင်းကို ဒေသခံတစ်ဦးက ပြောပြတာပါ။

မြို့အဝင်အထွက်တွေကို ဖြတ်သန်းသွားလာရတဲ့အခါ ခရီးသွားတွေ မကပဲ အနီးအနားက တောင်ယာသွားတဲ့ ဒေသခံတွေအပါအဝင် ဆိုင်ကယ်ဆင်းတွန်းပြီး ဖြတ်ရတာမျိုးတွေကို ပြုလုပ်ခိုင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အချိန်ပြည့် တွန်းခိုင်းတာမျိုး မဟုတ်ပဲ သူတို့
(လုံခြုံရေးယူထားသူများ) တွန်းခိုင်းချင်တဲ့အခါ၊ အခြေအနေ တခုခု ထူးခြားတဲ့အခါမျိုးတွေမှာ ဆိုင်ကယ်တွန်းပြီး ဖြတ်သန်းခိုင်းတာမျိုး ပြုလုပ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားဆောင်းမြို့နေ ဒေသခံလူထုတွေအတွက်သာမကပဲ ကရင်နီလူထုတစ်ရပ်လုံး၊ မြန်မာနိုင်ငံသား လူထုတစ်ရပ်လုံးအပါအဝင် မြန်မာပြည်တွင်းမှာ နေထိုင်တဲ့ လူထုအားလုံးအတွက် လုံခြုံမှု ပျောက်ဆုံးနေခဲ့တာပါ။ နေ့စဉ်ညတိုင်း စိုးရိမ်ကြောက်လန့်မှုကို ရင်ဝယ်ပိုက်ပြီး ဘယ်ဆီမှာမှန်း မသိသေးတဲ့ အနာဂါတ်တွေဆီကို စမ်းတဝါးဝါး လျှောက်လှမ်းနေကြရဆဲပါပဲ။

spot_img
spot_img

Recent posts