spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ်အား ရိက္ခာပို့ပေးသော BGF ကားတစ်စီး ဖမ်းဆီးခံရ၊ မူးယစ်ဆေးဝါး အချို့တွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် ပါလောင်း ကျေးရွာမှာ စစ်ကောင်စီကို ရိက္ခာပို့ဆောင်ပေးနေတဲ့ နယ်ခြားစောင့်တပ် BGF ရဲ့ကားတစ်စီးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့မှ ဖမ်းဆီးခဲ့ပြီး ကားပေါ်မှာ မူးယစ်ဆေး-ရာဘ(စိတ်ကြွရူးသွပ်ဆေးပြား) နှစ်ထောင်ဝန်းကျင်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ယမန်နေ့ (ဒီဇင်ဘာလ၁ရက်နေ့) က မြေပြင်သတင်းအရင်းအမြစ်ရဲ့ သတင်းပေးပို့ချက်အရသိရှိရပါတယ်။

BGF ၆ဦး နဲ့အတူ လက်နက်ခဲယမ်းတချို့ကိုဖမ်းဆီးမိခဲ့ပြီး မူးယစ်ဆေး ရာဘ လုံးရေ ၁၉၀၀ ကျော်လည်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လွိုင်ကော်မှ ရှားတောဘက်ကို စစ်ကောင်စီတပ်တွေအတွက် ရိက္ခာပို့ဆောင်ဖို့ မောင်းနှင်လာတဲ့ အဖြူရောင်ယာဉ်တစ်စီးကို ပါလောင်းကျေးရွာအနီး နိုဝင်ဘာလ ၃၀ရက်နေ့ ညနေ၅နာရီဝန်းကျင်က ကရင်နီတပ်မတော်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့မှ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ပြောပြပါတယ်။

“ လွိုင်ကော်ကနေ ပါလောင်း၊ ပါလောင်းကနေ ပွန်ချောင်း အဲ့ဒီမှာ သူတို့စခန်းရှိတယ်။ အမှန်တော့ ရိက္ခာတွေက ရှားတောအထိ ပို့ဖို့ပဲ။ သို့သော် သူတို့တစ်ဆင့်ပြီး တစ်ဆင့် ပါလောင်းပို့တယ်။ ပွန်ချောင်းပို့လိမ့်မယ်။ အဲ့ဒီ ပါလောင်းရောက်နေတဲ့အချိန်မှာ ပဲ ဖမ်းမိသွားတယ်။” လို့ ခူဒယ်နီယာယ် ကပြောပါတယ်။

စစ်ကောင်စီတပ်တွေကို ရိက္ခာပေးပို့ပေးရာမှာ အဓိက ရှမ်းပြည်ကနေ တစ်ဆင့်ပို့တာတွေရှိနေခဲ့ပေမဲ့ ယခုနောက်ပိုင်းမှာတော့ လွိုင်ကော်ကနေ တစ်ဆင့်ပို့ဆောင်တာတွေရှိလာနေတယ်လို့ဆိုပါတယ်။

ဖမ်းမိထားတဲ့ ယာဉ်နဲ့အတူ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လိုက်ပါလာတဲ့ BGF တပ်ဖွဲ့ဝင် ၆ဦးကို ကရင်နီပြည်ရဲဌာန KSPထံမှာ လွဲပြောင်းပေးထားပြီး စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်းဆိုပါတယ်။

“ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အရ အခုက KSPနဲ့ အပ်ထားတယ်ဆိုတာက KSPကတော့ သူတို့ကို အချုပ်ထဲမှာထည့်ဖို့ တာဝန်ရှိတယ်။ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ နောက်ပြီးတော့မှ ဒီဖက်ကနေ အုပ်ချုပ်ရေးကနေသူ့ကို စစ်သုံ့ပန်း ဥပဒေ နဲ့ မူးယစ်ဆေးဝါး ဥပဒေ။ ဒါ ဥပဒေ ကြောင်းအရ သွားရမှာပဲ။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ပါလောင်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာတွေ ရှိခဲ့ပါတယ်။

လက်ရှိ (ဒီဇင်ဘာလ ၂ရက်) အထိ ပါလောင်းမှာ စစ်ကောင်စီတပ်တွေ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img

Recent posts