“စစ်ပွဲကြားက မြေစာပင် မိခင်လောင်းမော်စူးမယ်”

0
4898

မော်ဦးမြာ၊ ကန္တာရဝတီတိုင်း(မ်)

အသက် ၂၅ နှစ် အရွယ် ကရင်နီအမျိုးသမီးငယ်မော်စူးမယ်(အမည်လွှဲ) က “ကျမတို့ရဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ထားနေပြီ ဆိုတာကိုတောင် အမျိုးသားက ကျဆုံးသွားချိန်ထိ မသိခဲ့လိုက်ရဘူး။ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး အသက်စွန့်သွားတဲ့ အမျိုးသားအတွက် ဂုဏ်ယူတယ်” လို့ ဆိုပါတယ်။

အမျိုးသားဖြစ်သူဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ကျဆုံးခဲ့တာဖြစ်ပြီး တချိန်တည်းမှာလိုပဲ တိုက်ဆိုင်စွာ သူ့မှာ ၂ လ ဝန်းကျင်ရှိပြီဖြစ်တဲ့  သူတို့ရဲ့ရင်သွေးလေး ကိုယ်ဝန်သန္ဓေကို လွယ်ထားရမှန်း သိလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း အေးချမ်းလှပလွန်းတဲ့ ကရင်နီပြည်နယ် (ကယားပြည်နယ်) အနှံအပြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ရှောင် ထွက်ပြေးနေရတဲ့ ဒေသခံများစွာ ရှိနေပါတယ်။

စစ်ပွဲတွေကြောင့် မိမိရဲ့နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်ရှောင်နေရသူတွေထဲမှာ မော်စူးမယ်လည်း အပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင် လွိုင်ကော်မြို့အနီးမှာရှိတဲ့ မိမိရဲ့ဇာတိကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာရတာ ၁ နှစ်ကျော် ရှိလာခဲ့ပြီလို့လည်း သူက ပြောပါတယ်။

သူရဲ့ ခင်ပွန်းဖြစ်သူက ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာသားဖြစ်ပြီး ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ ရဲ့ တပ်စုမှုးလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ခင်ပွန်းဖြစ်သူဟာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရတယ်လို့ မော်စူးမယ်က ပြောပါတယ်။

“ခါတိုင်းဆိုရင် ညီမဟိုဘက်မှာ( သူမရဲ့ဇာတိ) ပြန်နေမယ်ပြောတော့ ဒီမှာနေရမယ်တဲ့။ အဆင်မပြေရင် ပြောနော်တဲ့။ သူရေချိုးပြီးတာနဲ့ ထိတာလေ” လို့ မော်စူးမယ်က သူအမျိုးသား မကျဆုံးခင်  သူနဲ့နောက်ဆုံး စကားပြောခွင့်ရခဲ့တဲ့ အချိန်ကို ပြန်ပြောင်းပြောပြပါတယ်။

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မိမိရဲ့ဒေသကိုကာကွယ်ရင်း ကျဆုံးခဲ့ရတဲ့ လက်နက်ကိုင် ကရင်နီတပ်ဖွဲ့ဝင်ဦးရေဟာ ၁၂၈ ဦး အထိ ရှိလာခဲ့တယ်လို့ အချက်အလက်စုဆောင်းရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဇွန်လ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မော်စူးမယ်တို့ဇနီးမောင်နှံဟာ ပျော်ရွှင်တဲ့မိသားစုတစ်ခုကို တည်ဆောက်ဖို့အတွက် အနှစ်နှစ်အလလကတည်းက ကြိုးစားခဲ့ပေမယ့် အခုတော့ အရာအားလုံးဟာ မီးခိုးငွေ့သဖွယ် ကွယ်ပျောက်သွားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အမျိုးသားဖြစ်သူနဲ့ ချစ်သူသက်တမ်း ၇ နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးနောက် သူ့အတွက်လိုအပ်တဲ့ စစ်မှန်တဲ့ လက်တွဲဖော်ဖြစ်လို့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုအဖြစ် ရှင်သန်နေထိုင်သွားကြဖို့ အချင်းချင်းကတိပေး လက်ထပ်ခဲ့ကြတာလို့လည်း မော်စူးမယ်က ပြောပါတယ်။

စစ်တပ်သာ တိုင်းပြည်ရဲ့အာဏာကို မသိမ်းခဲ့ရင် တိုက်ပွဲတွေ မဖြစ်လာခဲ့ရင် သူရဲ့အမျိုးသားကို ဆုံးရှုံးရမှာ မဟုတ်သလို သူတို့ဇနီးမောင်နှံ စိတ်ကူးယဉ်ထားတဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ရရှိမှာလို့ သူက ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ကျဆုံးသွားပြီးနောက်ပိုင်း မိမိလက်ရှိနေထိုင်ရာဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သူ့မိဘတွေရှိရာကို မပြန်နိုင်တော့ဘဲ ကိုယ်ဝန်သန္ဓေလွယ်ထားရတဲ့ ၂ လသား ရင်သွေးလေးနဲ့အတူ အမျိုးသားရဲ့ မိဘ၊ ဆွေမျိုးတွေနဲ့အတူ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေတယ်လို့လည်း သူက ဆိုပါတယ်။

ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ရဲ့ စစ်တမ်းတွေအရ တိုက်ပွဲတွေကြောင့် ကရင်နီပြည်နည်အတွင်း စစ်ဘေးရှောင်စခန်း နေရာ ၁၀ ခု ရှိတယ်လို့ ဆိုပါတယ်။

မော်စူးမယ်ရဲ့အမျိုးသား မကျဆုံးခင်က ဆောက်လုပ်ပေးထားတဲ့ နေအိမ်တစ်လုံး ရှိနေပေမယ့် အဲဒီဒေသမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေလို့ အိမ်က ပျက်စီးပြီလား၊ ကောင်းနေသေးလား မသိရဘဲ နေအိမ်ကို မပြန်ရဲ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ကျဆုံးသွားတာကြောင့် မွေးဖွားလာမယ့် ရင်သွေးငယ်အတွက် မိခင်လောင်းတစ်ယောက်တည်း လက်ရှိဖြတ်သန်းနေထိုင် ရပ်တည်နေရတဲ့အပေါ် မော်စူးမယ်က “အမျိုးသမီးဖြစ်နေတော့ ခက်ခဲမယ်လို့ထင်တယ် ဒုက္ခရောက်မယ်လို့လည်း ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျော်ဖြတ်ရမှာပေါ့” လို့ ဝမ်းနည်းစွာ ပြောပြပါတယ်။

သူ့ရဲ့မျက်ဝန်းမှာ ဝမ်းနည်းမှုကြောင့် မျက်ရည်တွေ ပြည့်နေပေမယ့် မစီးကျလာအောင်ထိန်းရင်း မကြာခင် လပိုင်းတွေအတွင်း သူမွေးဖွားလာတော့မယ့် သူ့ရင်သွေးလေးအတွက် ကြိုးစားရှင်သန်မှာဖြစ်ကြောင်းနဲ့ ကျဆုံးသွားတဲ့ ခင်ပွန်းသည်အတွက်လည်း ဂုဏ်ယူတယ်လို့ အားမာန်အပြည့်နဲ့ သူက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေတွေကို မြန်မြန်ပြီးစီးစေချင်တယ်လို့ မော်စူးမာက အခုလို ဆက်ပြောပါတယ်။

“လောလောဆယ် ဒီနိုင်ငံရေး အမြန်ပြီးစေချင်တယ်။ ကျမတို့လည်း သွားသွားလာလာ လွတ်လွတ်လပ်လပ်  သွားလို့မရဘူး။ ကလေးလည်း ရှိနေတယ်ဆိုတော့ ကျမ အရမ်းဒုက္ခရောက်တယ်။ အိမ်ပြန်ချင်တာတောင် ပြန်လို့မရဘူး။ အမြန်ဆုံး ပြီးချင်တယ်” လို့ သူက ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်နေသေးလို့ စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်လည် အခြေချနေထိုင်ဖို့ လုံခြုံစိတ်ချမှု မရှိသေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ ပြန်ကြားရေးက ပြောပါတယ်။

ရွာတွေအနီးအနားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်တွေ ကျနေသလို မြေမြုပ်မိုင်းတွေ ရှိနေဆဲဖြစ်လို့ ဒေသခံတွေ နေရပ်ပြန်ကြဖို့အတွက် အသက်အာမခံမှု မရှိသလို လုံခြုံရေးအတွက်လည်း အာမခံချက်မရှိတဲ့နေရာ ဖြစ်နေသေးတယ်လို့လည်း KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူ ၂ သိန်းကျော်ရှိလာပါတယ်။

စစ်ပွဲတွေကြောင့် ကရင်နီပြည်နယ်အတွင်းမှာ မော်စူးမယ်လိုပဲ ခင်ပွန်းသည်၊ သားသမီး၊ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရသူတွေလည်း အမြောက်အများ ရှိသလို၊ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ ကရင်နီပြည်သူ နေအိမ် ၄၀၀ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ Data For Myanmar အဖွဲ့က မေလ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင် ကြိုးစားကျော်ဖြတ်ရင်း သူရှင်သန်နေထိုင်ရာ ကရင်နီပြည်နယ် အတွင်းမှာ မလိုလားအပ်တဲ့ စစ်ပွဲတွေ တော်လှန်ရေးတိုက်ပွဲတွေကို သူရဲ့ရင်သွေးလေး မမွေးဖွားခင် အမြန်ဆုံး ပြီးဆုံးသွားဖို့ မျှော်လင့်ပြီး နေ့စဉ်နဲ့အမျှ တောင်းဆုပြုနေတယ်လို့ မော်စူးမယ်က သူ့ဆန္ဒကို ပြောပြပါတယ်။