spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တပ်ရင်းက ရဲဘော်တွေ ပြည်သူတွေ စပါးရိတ်သိမ်းချိန် တစ်ဖက်တစ်လမ်း ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။

အခုလို တိုက်ပွဲကာလအတွင်းမှာ တောင်သူတွေ အမြန်ဆုံး ရိတ်သိမ်းနိုင်အောင် ကူညီပေးနေတာ ဖြစ်တယ်လို့ ပြည်သူတွေစပါးရိတ်သိမ်းချိန် ပါဝင်ကူညီရိတ်သိမ်းပေးခဲ့သူ KNDF တပ်သားတစ်ဦးက ပြောပါတယ်။

” ကျနော်တို့ ရဲဘော်တွေတော့ ဒီ ဒီးမော့ဆိုဘက်ခြမ်းမှာတော့ နည်းနည်းငြိမ်နေသေးတယ်လို့ ပြောလို့ရတာပေါ့နော။ ခုချိန်မှာ ကျနော်တို့ ကင်းစောင့်တာ တစ်ချို့ရှိမယ် ရပ်ရွာမှာ လုံခြုံရေး စောင့်ပေးတာ တစ်ချို့ရှိမယ်ပေါ့နော။ တစ်ချို့ရဲဘော်တွေ နောက်တန်းမှာရှိတဲ့ ရဲဘော်တွေကို အားမနေခိုင်းနဲ့ပေါ့။ ဆွေမျိုးတွေ ကိုယ့်ဆွေမျိုးတွေဆီမှာ ရှိတဲ့ လယ်ယာတွေ ကိုယ့်ရပ်ရွာမှာရှိတဲ့ လယ်ယာစပါးတွေကို ရိတ်သိမ်းဖို့ ကူညီဖို့ လုပ်ကြတာပေါ့နော။ အခုကလည်း အခြေအနေက သိပ်မကောင်းတဲ့အတွက်လည်း ဆင်ပြေနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့မှ မြန်မြန်ရိတ်ဖို့အတွက် ကျနော်တို့က အမြန်ဆုံး ကူညီနေတာပါ။ “

အခုလို စပါးရိတ်သိမ်းကာလ အချိန်မှာ စပါးစိုက်ပျိုးကြတဲ့ တောင်သူတွေအနေနဲ့ တစ်နှစ်ပတ်လုံး ရင်းနှီးမြှပ်နှံထားရတဲ့ အရာတွေကို ပြန်ရဖို့ KNDF တပ်သားတွေက တချို့နေရာမှာ ရိတ်သိမ်းကူနေကြပါတယ်။

တချို့နေရာတွေမှာကတော့ တိုက်ပွဲတွေကြောင့် မရိတ်သိမ်းနိုင်တဲ့ တောင်သူတွေရှိသလို၊ ဝမ်းစာအတွက် တိုက်ပွဲကြားမှာ အသက်နဲ့ရင်းပြီး မဖြစ်မနေ ရိတ်သိမ်းနေရတဲ့တောင်သူတွေရှိပါတယ်။

အထူးသဖြင့် တိုက်ပွဲဖြစ်ပွားတဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့နေရာတွေမှာ သီးနှံရိတ်သိမ်းဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

အောက်တိုဘာ ၃၀ နေ့က မိုးဗြဲမြို့ကို သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် စပါးခင်းကိုနှင်းဖြတ်ပြီး ပုံထားတဲ့ တောင်သူတွေရဲ့ စပါးပုံကိုလည်း မီးရှို့ဖျက်ဆီးတာခံခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ ရက် ည ၉ နာရီခွဲအချိန်မှာလည်း
အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆို မြို့နယ် ဘုရားဖြူကျေးရွာ အနီးရှိ လယ်ကွင်းများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာလည်း မိုးဗြဲအခြေစိုက် ခလရ ၄၂၂တပ်ရင်းက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် တောင်ယာအတွင်းသီးနှံရိတ်သိမ်းနေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပါတယ်။

တောင်သူ တွေကတော့ စပါးတွေ ရိတ်သိမ်းနိုင်ဖို့ကို တိုက်ပွဲတွေကြားမှာ အသက်ကို စတေးပြီး ရိတ်သိမ်းနေကြရပါတယ်။

spot_img
spot_img