spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ရေးအခြေအနေကြောင့် ကရင်နီပြည်ရဲ့ ကြားကာလပညာရေးကို အကောင်အထည် မဖော်နိုင်သေး

မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)

လက်ရှိတော်လှန်ရေးကာလအတွင်း ကရင်နီပြည်မှာ ကြားကာလပညာရေးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘူးလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC ) က မေလ ၂၂ ရက်နေ့မှာ အခြေခံပညာရေး ညီလာခံကျင်းပရေးကော်မတီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“လက်ရှိကြားကာလမှာ ကရင်နီပြည်မှာ ဘာတွေ လုပ်ဆောင်နေပြီလဲ ဆိုတဲ့အပေါ်မှာ အရိုးသားဆုံး ဝန်ခံရရင်တော့ ကျနော်တို့ KSCC ပညာရေး ကော်မတီကနေ ဦးဆောင်ဖွင့်လှစ်တဲ့ကျောင်း ကျနော်တို့ မရှိသေးပါဘူး။ ဒါပေမယ့် ဟိုးခန ကျနော်တင်ဆက်ခဲ့တဲ့အတိုင်း လက်ရှိ ကျနော်တို့ ပြည်နယ်မှာ စစ်ရေးပြင်းထန်မှုက အင်မတန်များပြီးတော့မှ ကျနော်တို့က စစ်ရေးနဲ့အတူ ကိုယ့်ရဲ့ အသက်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခန်းကဏ္ဍမှာ ကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက်ကြောင့် ကျနော်တို့ ဒီ လက်ရှိကြားကာလ ပညာရေးဖော်ဆောင်မှုပိုင်းမှာ ကျနော်တို့ ပြောရမယ်ဆိုရင်တော့ ကြန့်ကြာမှုတွေနဲ့ နှောက်နှေးမှုတွေတော့ ကျနော်တို့ ရှိနေတယ်။ ကျနော်တို့ကဒီ စစ်ရေးကို ဦးစားပေးနေရတဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်တယ်“ လို့ KSCC ပညာရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ချားလ်စ် က ပြောပါတယ်။

ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကျောင်းတက်နေသော ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ – KT)

KSCC အနေနဲ့ တိုင်းရင်းသားပညာရေးအစုအဖွဲ့တွေ ၊ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး အသွင်ကူးပြောင်းရေး ကာလမှာကော ဖယ်ဒရယ်ဒီမိုကရေစီပညာရေး ထူထောင်တဲ့အချိန်ထိ ကရင်နီပြည်မှာ ဆက်လက်ကျင့်သုံးနိုင်ဖို့အတွက် ကြားကာလပညာရေးမူဝါဒကို ရေးဆွဲနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ကလေးငယ်တွေအတွက်ကတော့ လက်ရှိမှာ ပညာရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကနေ တစ်ပိုင်တစ်နိုင် သင်ကြားပေးနေတဲ့ အခြေအနေသာ ရှိနေသေးတာ ဖြစ်ပါတယ်။

“ကျနော်တို့ ဒီ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ အသီးသီးကနေပြီးတော့ ဦးဆောင်ပြီးတော့မှလည်းပဲ ထို့အတူ ရပ်မိရပ်ဖများ မိဘများနဲ့ တချို့သော ပညာရေးလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းကနေ ပြီးတော့မှ ဒီကြားကာလမှာ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေး အဆက်မပြတ်လေ့လာ နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ကိုယ်ထူကိုယ်ထ Community Based Learning ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ အတတ်နိင်ဆုံး လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍမှာ ရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ဒါ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်ပေါ့“ လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာဆိုလည်း ကလေးတွေကို စာသင်ကြားပေးတာတွေရှိပြီး သင်ရိုးညွှန်းတမ်း အတိအကျကို မရေးဆွဲနိုင်သေးတဲ့အတွက် ကလေးတွေနဲ့ ကိုက်ညီမယ့် သင်ခန်းစာတွေကို ရွေးချယ်သင်ကြားပေးနေကြပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ကိုယ်ထုကိုယ်ထ စာသင်ကျောင်းတွေဖွင့်လှစ်ထားပြီး CDM ဆရာ၊ ဆရာမတွေက ပညာသင်ကြားပေးနိုင်တဲ့ ကျောင်းပေါင်း ၂၀၀ နီးပါး ရှိတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားတာ ရှိပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုနဲ့ မယ်စဲ့တွေမှာ ဖွင့်လှစ်ပေးတာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း ၂ သောင်းကျော်ကို သင်ကြားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

KSCC မှာ ပညာရေးကော်မတီဖွဲ့စည်းထားတာရှိပြီး ကရင်နီပြည်က ပညာရေးဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ၊ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ ရေးဆွဲချမှတ်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နဲ့ ကရင်နီအမျိုးသား ပညာရေး စနစ်နဲ့ မူဝါဒတွေ ပေါ်ထွန်းလာဖို့အတွက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

KSCC အနေနဲ့ ကြားလကပညာရေးနဲ့ လုပ်ငန်းများကို အသိအမှတ်ပြုကြောင်းနဲ့ အသွင်ကူးပြောင်းရေးကာလနဲ့ အနာဂါတ် ဖက်ဒရယ်တည်ဆောက်ရေးကာလမှာ ကလေးများရဲ့ စာတတ်မြောက်မှုနဲ့ ကိုယ်ရေးကိုသွေးများကို ပြန်လည်ဆန်းစစ် အကဲဖြတ်ပြီး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းပညာသင်ယူမှုတွေကို အဆင်သင့်ဖြစ်စေဖို့ ကုစားဆောင်ရွက်သွားမယ်လို့ မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

spot_img
spot_img