spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ကူညီရင်း ဖမ်းဆီးခံရတဲ့ ကျောင်းသားနှစ်ဦး ထောင်ဒဏ် (၃)နှစ်ကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်တွေအတွက် ပေးပို့လာတဲ့ ပစ္စည်းတွေကို လွိုင်ကော်မြို့ အဝေးပြေးကားဂိတ်မှာ သွားရောက်ထုတ်ယူရင်း အဖမ်းခံလိုက်ရတဲ့ ကျောင်းသား လူငယ် ၂ ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ ထောင်ဒဏ်၃ နှစ် ချမှတ်ခံလိုက်ရပါတယ်။

ကျောင်းသား၂ ဦးကို စစ်ကောင်စီက ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ (KSSU) ထံမှ သိရပါတယ်။

အဆိုပါ ကျောင်းသားနှစ်ဦးကတော့ အသက် ၂၄နှစ်အရွယ်ရှိ နည်းပညာတက္ကသိုလ် တတိယနှစ် ကိုသက်မူးအောင် (နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်) နဲ့ အသက် (၁၉)နှစ်အရွယ် ကိုမင်းဦး (ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ) တို့ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဇွန်လ ၁၂ရက်နေ့မှာ စစ်ရှောင်ပစ္စည်းသွားယူရင်း PDF နဲ့ဆက်နွယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စစ်ကြောရေးမှာ ၆ရက် နှိပ်စက် စစ်ဆေးခံခဲ့ရပြီး PDF နဲ့ဆက်နွယ်မှုမရှိတာကြောင့် သပိတ်အတွင်း ဆန္ဒပြမှုနဲ့ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံရတာဖြစ်ပါတယ်။

ကယားပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက “ စစ်ဘေးရှောင်ပစ္စည်းလုပ်နေရင်းနဲ့ ကူညီထောက်ပံ့ပေးနေရင်းအဖမ်းခံရတယ် PDF နဲ့ဆက်နွယ်မှုရှိတယ်ဆိုပြီး အဖမ်းခံရတာပေါ့။ ဆိုတော့ တကယ်တမ်း အမှုစစ်ဆေး စစ်ကြောရေးဝင်တဲ့ချိန်မှာ ဘားမှမပေါ်ခဲ့ဘူးပေါ့နော။ ဖမ်းတဲ့အကြောင်းအရာနဲ့ မအပ်စပ်တော့ အခြားအကြောင်းအရာနဲ့ ပြန်ဆက်စပ်ပြီး တရားပြန်စွဲတာပေါ့။ သပိတ်မှာပါတုန်းက ဆန္ဒပြပွဲမှာပါတဲ့ဟာ အကြောင်းအရာပြန်ပြောင်းပြီး တရားစွဲခဲ့တယ်ပေါ့နော။ ပုဒ်မ ၅၀၅(က)နဲ့ပြန်စွဲခဲ့တယ်။ ဆိုလိုချင်တာက သူတို့ဖမ်းတာက အကြောင်းအရင်းကတခြား နောက်ဆုံးတော့ အဲ့အကြောင်းအရင်းရှာမတွေ့တော့ တခြားအကြောင်းအရင်းခေါင်းစဉ်တပ်ပြီး တရားပြန်စွဲပြီး ထောင်ချခဲ့တာပေါ့ အခုက။” လို့ ပြောပါတယ်။

ဖမ်းဆီးခံရပြီး ၉လအကြာမှာ လွိုင်ကော်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၃နှစ် (ချုပ်ရက်အပါအဝင်) ကျခံစေကြောင်း အမိန့်ချမှတ်ပြီး ၎င်းတို့စီးလာတဲ့ ကားငယ်တစ်စီးလည်း ပြန်မရရှိတော့ဘူးလို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့နယ်တရားရုံးက ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၃နှစ်က တရားမျှတမှုမရှိသလို မဖြစ်သင့်ဘူးလို့ အဆိုပါ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

“ဒါကတော့ လုံးဝမဖြစ်သင့်ဘူးလို့ ကျနော်တို့ကတော့ ယူဆတယ် ဒီလိုထောင်ဒဏ်သုံးနှစ်ကျတာကတော့ ထောင်ပဲချလို့ရမယ်လို့ ကျနော်တော့ ယူဆတယ်။ ထောင်ကျခံရတဲ့သူရဲ့ နိုင်ငံရေးရပ်တည်ချက်တွေ အတွေးအခေါ်ယူဆချက်တွေ ဖျက်ဆီးလို့ရမယ်လို့ ကျနော်တို့မထင်ဘူး။ နောက်ပြီးတော့ ဒီလိုချတာကလည်း ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ကိုယ်၌ကလည်း တရားစွဲခံရဖူးတော့ တခြားစီဖြစ်နေတယ်ပေါ့။ တရားစွဲတဲ့ဖြစ်စဉ်က လုံးဝလွဲမှားနေတယ်ပေါ့နော။ သူတို့ဖမ်းထားက PDF နဲ့ဆက်နွယ်တဲ့ဟာ အကြောင်းအရာကိုအခြေခံပြီးစွဲတယ် ဒါပေမယ့် အဲ့အကြောင်းအရာကို သက်သေအထောက်အထားတွေ မတွေ့တော့ တရားမျှတမှုမရှိဘူး” လို့လို့ အဆိုပါ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

၂၀၂၁ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရတာဟာ ၎င်းတို့နှစ်ဦးက ပထမဆုံးဖြစ်တယ်လို့ဆိုပါတယ်။

သူတို့နှစ်ဦးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေမှာ သပိတ်တပ်ဦးအဖြစ် လုပ်ရှားခဲ့တဲ့ ကျောင်းသားတွေဖြစ်ကြပြီး စစ်ဘေးရှောင်ပြည်သူအတွက် အလှူခံခြင်းနဲ့ ပစ္စည်းထုတ်ယူခြင်းတို့မှာ ကူညီဆောင်ရွက်ခဲ့သူတွေဖြစ်တယ်လို့ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts