spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အစား အဝတ်စနဲ့ အသုံးပြုနေရတာတွေရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ အမျိုးသမီးတချို့ဟာ လစဉ်ဓမ္မတာဖြစ်မှုတွေအတွက် အသုံးပြုနေရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) ဂွမ်းထုပ် တွေကို ဝယ်ယူအသုံးပြုဖို့ ငွေကြေးအခက်အခဲရှိနေသလို အဲဒီအတွက် သီးသန့်အလှူရှင်တွေလည်း မရှိတဲ့အတွက် လိုအပ်ချက် ရှိနေပါတယ်။

စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီး မော်မူးမယ် ကတော့ လစဉ်သုံးပစ္စည်း(Pad) ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် အဝတ်စနဲ့ အသုံးပြုရတဲ့သူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ မရှိတာကြုံဖူးတယ်။ အဝတ်စနဲ့ပဲ သုံးရတယ်။ အဝတ်စပဲ သုံးလိုက်တယ်ပေါ့။ အဲတာက တစ်လတစ်ခါ မဖြစ်မနေ လာတာဆိုတော့လေ။ လိုအပ်ချက်ရှိတယ်။ “ လို့ မော်မူးမယ် ကပြောပြပါတယ်။

လက်ရှိ သူတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာလည်း ထောက်ပံ့မှု မရှိတော့တာ တစ်လကျော်ရှိနေပြီလို့ ပြောပါတယ်။ ဝေးလံခေါင်ဖျားတဲ့ တောတောင်ထဲ စစ်ရှောင်နေကြတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် လစဉ်သုံးပစ္စည်း(Pad) ရရှိနိုင်မှုက ပိုမိုခက်ခဲတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေကို ကယန်းအမျိုးသမီးအစည်းအရုံး၊ ကရင်နီအမျိုးသမီးအစည်းအရုံး နဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတချို့ကလည်း ထောက်ပံ့တာရှိပေမယ့် အကုန်လုံး အပြည့်အဝ မပေးအပ်နိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။

“ ကျမတို့ ပေးနိုင်တဲ့ ပမာဏက အရမ်းနဲ့မှ အကန့်အသတ်ဖြစ်တဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ဒီအပေါ်မှာ လိုအပ်ချက်အရမ်းမြင့်တယ်။ တချို့ဆိုရင် တစ်လဆိုရင် တစ်ထုပ် အထက်ကုန်တဲ့ လူတွေရှိတယ်ပေါ့နော။ ပုံမှန်အားဖြင့် လစဉ်သုံးတစ်ထုပ်ကို တစ်လနဲ့ သုံးရတယ်ဆိုတာကလည်း တချို့ဆိုရင် တစ်ထုပ်ထက်ပိုကုန်တဲ့ အမျိုးသမီးတွေလည်းရှိတယ်ပေါ့နော။ အဲဒီအခါမျိုးမှာ လိုအပ်ချက်ကတော့ မြင့်တယ်လို့ ကျမတို့မြင်တယ်ပေါ့နော။“ လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO)မှ အထွေထွေ အတွင်းရေးမှူး Alar (အာလာ) က ဆိုပါတယ်။

အရွယ်ရောက်တဲ့အမျိုးသမီးတိုင်းမှာ သွေးမဆုံးခင်အထိ လစဉ်ဓမ္မတာဖြစ်ပေါ်တဲ့အတွက် မရှိမဖြစ်လိုအပ်ပေမယ့် ဝယ်ယူဖို့ မတတ်နိုင်ကြဘူးလို့ စစ်ရှောင်ကူညီသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ အများအားဖြင့် မိသားစုတွေ များတဲ့လူပေါ့။ ပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေပေါ့။ ဝင်ငွေမရှိတဲ့ မိသားစုတွေ။ ဝင်ငွေလည်း အားလုံးမရှိကြပါဘူး။ ဒါပေမယ့် တချို့ခါကျတော့ သူများလာထောက်ပံ့တဲ့နေရာ ရှိတဲ့လူတွေပဲ နည်းနည်းပါးပါး ကာဗာမိတယ်။ အလှူရှင်လက်လှမ်းမမီတဲ့ နေရာက ပိုဆိုးတာပေါ့နော။ “ လို့ စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ နွေရာသီကာလမှာ ရေရှားပါးတဲ့ ပြဿနာတွေလည်း ရှိနေတဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုပိုင်းမှာလည်း အခက်အခဲရှိနေကြပါတယ်။ လစဉ်သုံးပစ္စည်း(Pad) တစ်ခုဆိုရင် ၅နာရီသာ အသုံးပြုသင့်ပြီး အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။ သို့မဟုတ်ရင် အမျိုးသမီးတွေအတွက် ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတွေ ဖြစ်လာနိုင်တာဖြစ်ပါတယ်။

“ ဒီလစဉ်သုံးတွေကို သူတို့ကို ပုံမှန်ပေးနိုင်ခြင်းအားဖြင့် အဲဒီအပေါ်မှာ သူတို့ကိုယ်ကိုယ် ကာကွယ်မှုတွေ မဟုတ်ရင် ကိုယ့်ရဲ့ကျန်းမာရေး ကိစ္စတွေ ကို သေချာ ဖြေရှင်းနိုင်ခြင်းအားဖြင့် အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးကိစ္စတွေကို လျော့ချလာနိုင်တယ်လို့ ကျမတို့က မြင်တယ်ပေါ့လေနော။ အထူးသဖြင့် ကျမတို့လို အမျိုးသမီးအစုအဖွဲ့တွေကတော့ အမျိုးသမီးတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားတဲ့နေရာမှာ လစဉ်သုံးကိစ္စတွေ၊ အမျိုးသမီးတွေ အသုံးပြုနိုင်မယ့် underwearကိစ္စတွေကို ကျမတို့က ပိုပြီးတော့ စဉ်းစားဖြစ်တယ်။ “ လို့ (KyWO) အထွေထွေအတွင်းရေးမှူး Alar (အာလာ) ကဆက်ပြောပါတယ်။

ကရင်နီပြည်မှာဆိုရင် စစ်ရှောင်နေရတာ ၂နှစ်နီးပါးရှိလာတော့မှာဖြစ်ပြီး စစ်ရှောင် ၂သိန်းကျော်ရှိနေပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ထပ်ဆင့် စစ်ရှောင်နေရတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် စစ်ရှောင်ထက်ဝက်ကျော်လောက်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts