spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်လူထုအတွက် ရက် (၃၀)အတွင်း သိန်း(၁၀၀၀) ကမ်ပိန်း ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ နေရပ်အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ နေရပ်မပြန်နိုင်တာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက်မြင့်မားလာတာကြောင့် ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ကနေ စစ်ရှောင်လူထုအတွက် ရက် (၃၀) သိန်း(၁၀၀၀) ကမ်ပိန်း ကို ပြုလုပ်နေပါတယ်။

“ ကရင်နီပြည် စစ်ရှောင်ပြည်သူများအတွက် ဆန်နှင့်သောက်သုံးရေထောက်ပံ့ကူ….မြတ်ကုသိုလ်ယူ သိန်းတစ်ထောင်ကမ်ပိန်း” ကို မေလ (၁၀)ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့အထိ ရက်(၃၀)တိတိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စစ်ရှောင်ကာလကြာတာနဲ့အမျှ အလှူရှင်တွေရဲ့ထောက်ပံ့မှု နည်းပါးလာသလို စစ်ဘေးရှောင်လူထုတွေရဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေ ရရှိဖို့လည်း အရေးကြီးလိုအပ်နေတာကြောင့် ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ကနေ ပထမဆုံးအကြိမ် ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်တယ်လို့ ကွန်ရက်တာဝန်ခံတစ်ဦးက ပြောပါတယ်။

“နှစ်က ကြာလာတာနဲ့အမျှ အလှူရှင်တွေကလည်း ပါးလာတယ်ပေါ့နော။ ပြီးတော့ စစ်ရှောင်ပြည်သူတွေကလည်း စရှောင်ကတည်းက သယ်ယူလာတဲ့ ဆန်စပါးတွေ၊ ပစ္စည်းဥစ္စာတွေ နည်းနည်းထုခွဲရောင်းချလို့ ရသေးတယ်ပေါ့နော။ ဒါပေမယ့် နှစ်လိုက်ရှိလာပြီဆိုတော့ သီးနှံမစိုက်ပျိုးနိုင်တာ တဖက်၊ ပြီးတော့ ရှိတာလေးလည်း ကုန်ပြီပေါ့နော။ အဲ့ဒါကြောင့် ကြာလာတာနဲ့အမျှ အလှူရှင်ပါးလာတယ်၊ စစ်ရှောင်တွေလည်း ပိုဒုက္ခရောက်တယ်၊ ပြီးတော့ ကုန်ဈေးနှုန်းကလည်း ပိုမြင့်တက်လာတယ်ပေါ့နော။”

ကမ်ပိန်းက ရရှိလာမယ့် ငွေကြေးတွေက စစ်ရှောင်လူထုတွေဆီ တိုက်ရိုက်စီးဆင်းသွားမှာဖြစ်ပြီး၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်မှာ စစ်ရှောင်ဦးရေ အများဆုံးရှိတဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ လွိုင်ကော်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပင်လောင်းနယ်စပ်က စစ်ရှောင်လူထုတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဒီးမော့ဆိုမြို့ နဲ့ ဖယ်ခုံ၊ ပင်လောင်းနယ်စပ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ရှောင်ရှိရာနေရာတွေမှာ လက်နက်ကြီးကျရောက်မှုရှိတာကြောင့် ထပ်မံတိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ထွက်ပြေးခဲ့ရပြီး စစ်ရှောင်ကာလအတွင်း ပါလာတဲ့ ဆန် စပါး၊ ပစ္စည်းတွေကို ရောင်းထုတ်ပြီး၊ ဝမ်းရေးဖြေရှင်းခဲ့ပေမယ့် ကာလကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် အခက်အခဲပိုရှိလာတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ခွန်းဘန်းက ပြောပါတယ်။

“အဓိက အခြေခံ ဆန်၊ ဆီ၊ ဆားရယ် စားနပ်ရိက္ခာတွေက အဲ့ဒါ လှူဒါန်းပါ၊ လိုအပ်တဲ့အရာဖြစ်တယ်။ မရှိမဖြစ်တဲ့အရာဖြစ်တယ်။ အဆင်မပြေမှုဖြစ်လာမယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာကြုံတွေ့လာနိုင်တာကြောင့် အဓိက အခြေခံအနေနဲ့ စားနပ်ရိက္ခာက အရေးကြီးတယ်လို့ တောင်းဆိုချင်တယ်ပေါ့။”

တောင်ယာ၊ လယ်ယာအနည်းငယ်စိုက်ပျိုးလုပ်ကိုင်ပေမယ့် ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်မှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ ရင်ဆိုင်နေရတယ်လို့ ခွန်းဘန်းက ပြောဆိုပါတယ်။

တဖက်မှာ တစ်နေ့သာစားရေးသောက်ရေးအတွက် နေ့စားလိုက်ရတဲ့နေ့ရက်တွေ ရှိပေမယ့် အလှူရှင်ကိုသာ အားထားနေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်စိုးက ပြောပါတယ်။

“အလှူရှင်တွေကိုပဲ ကျမတို့အားထားခဲ့ရတယ်။ နောက်ပိုင်းကျတော့ အလှူရှင်တွေလည်း ကြာလာတာနဲ့အမျှ လှူတာလည်းနည်းလာတော့ ကျမတို့ စစ်ဘေးရှောင်လည်း အခက်အခဲအများကြီးရှိတယ်ပေါ့နော။ ဒီနောက်ပိုင်းလည်း ကျမတို့က လှူတာပဲကို စောင့်မျှော်နေတာပေါ့နော။ အလှူရှင်လာမှ စားရတာ များတယ်ပေါ့နော။ ကိုယ့်ဟာကိုလည်း မရှာနိုင်တော့ဘူးလေ ကိုယ့်ဒေသလည်းမဟုတ်တော့ အဆင်မပြေမှုတွေ အများကြီးရှိတယ်ပေါ့နော။”

ကမ်ပိန်းစတင်တာ ၃ ရက်မြောက်နေ့အထိရောက်ရှိပေမယ့် ကမ်ပိန်းမှာပါဝင်မှုက အားနည်းနေသေးပြီး၊ စစ်ရှောင်လူထု ခုနှစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေအတွက် ကမ်ပိန်းမှာ ပါဝင်ကြဖို့၊ ဆက်သွယ်လှူဒါန်းလိုပါက ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် ဖေ့စ်ဘွတ်လူမှုစာမျက်နှာဖြစ်တဲ့ https://bit.ly/3pxK9OJ ကို ဆက်သွယ်ကြဖို့ ကွန်ရက် တာဝန်ရှိသူတစ်ဦးက ဖိတ်ခေါ်ပါတယ်။

“ရက် (၃၀) ကမ်ပိန်းအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေ၊ အဆင်ပြေတဲ့အလှူရှင်တွေပေါ့နော၊ ကျနော်တို့ ဒီကမ်ပိန်းကို ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ လူသားချင်းစာနာထောက်ထားစွာ ကျနော်တို့ကရင်နီပြည်ကို ဝိုင်းဝန်းကူညီပေးကြဖို့ ကျနော်ဖိတ်ခေါ်လိုပါတယ်။”

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိနေပြီး၊ ထိတွေ့တိုက်ပွဲတွေကလည်း ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts