spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ဧရိယာအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်အထိ ရှိလာ

စစ်ရှောင်နေရာတခုမှာ ကျန်းမာရေး စေတနာ့ဝန်ထမ်းမှ ကိုဗစ် စစ်ဆေးပေးနေစဥ် (ဓါတ်ပုံ – CJ)

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်ဧရိယာနယ်မြေတွေမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေပြီး သေဆုံးသူ ၅၀ ကျော်ရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ဒေသမှာ အခုကလည်း Positive ရက်တိုင်းဖြစ်တယ် သေဆုံးမှုတွေကလည်းအခု ၅၀ ကျော်ရှိသွားပြီ။ မနိုင်မနင်းတွေ တဖြေးဖြေးများလာပြီ။ Positive ဖြစ်တဲ့လူဦးရေများလာပြီ။ ရွာသားတွေမှာလည်း အကြီးအကျယ်ဖျားနာတာ တော်တော်များတယ်ပေါ့။ ရက်တိုင်းလိုလိုက ဆေးခန်းတွေပြနေကြတယ် တော်တော်များပါတယ်။ ကိုဗစ်ကူးစက်ခြင်းခံရပြီး ဆုံးသွားတဲ့သူပေါ့နော။ ၅၀ကျော်သွားပြီ။ ဒါကတော့ IDPs စစ်ရှောင်နေတဲ့ ဧရိယာပေါ့။ အနောက်ဖက်ခြမ်းမှာ ဖြစ်တာများတယ်။ အခုချိန်ထိ ကျနော်တို့က လွိုင်ကော်အရှေ့ဖက်ခြမ်း အသံမကြားဘူး။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းအသံမကြားဘူး။ ဖရူဆိုဖက်လည်း အသံမကြားဘူး။ ဒါပေမယ့် ကျနော်တို့ကြားတာက ဒီးမော့ဆိုအနောက်ဖက်ခြမ်းနဲ့ ဖယ်ခုံမြို့နယ်ထဲက မှတ်တမ်းတွေရှိပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးဗညားက ပြောပါတယ်။

စစ်ရှောင်ဧရိယာဖြစ်တဲ့ လွိုင်ကော်မြို့အရှေ့ဖက်ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့အနောက်ဖက်ခြမ်း တွေမှာ ရာသီအကူးအပြောင်းအတွင်း နေမကောင်းဖျားနာသူတွေလည်း များပြားလာသလို ကိုဗစ်ကူးစက်မှုကလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းနဲ့ ဖယ်ခုံမြို့နယ်၊ နယ်စပ်တစ်ဝိုက်မှာ ဆေးခန်းဖွင့်လှစ်ထားတာ ရှိပြီး စစ်ရှောင်ဧရိယာအတွင်းမှာလည်း ပရဟိတအသင်း၊ နယ်လှည့်ကျန်းမာရေးအဖွဲ့၊ စေတနာ့ဝန်ထမ်း ၊ ကျန်းမာရေးအဖွဲ့ စတဲ့ အဖွဲ့အစည်းတွေက ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း ကားဂိတ်တွေမှာ ဆေးဝါးသယ်ယူလို့ မရတာတွေ၊ ရောက်ရှိဖို့ကြာမြှင့်တာတွေ၊ မှာယူထားတဲ့ ဆေးဝါးတွေ လိုအပ်တဲ့နေရာ မရောက်ရှိနိုင်တာတွေ စတဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးလက်ဒေသတွေမှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ သူတွေကို သီးသန့်ကုသမှုပေးနေပေမယ့် တချို့နေရာမှာ နေအိမ်မှာပဲ မိမိအစီအစဉ်နဲ့ ကုသမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်ဧရိယာနဲ့ ကျေးရွာအတွင်း ဆေးဝါးလုံလောက်မှု မရှိတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အချင်းချင်းကနေ ဆေးဝါးပြန်ခွဲဝေပေးတာတွေလည်း ရှိပြီး ဒေသတွင်း တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖျားနာသူတွေကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ Test Kit မရှိတာတွေ အကာအကွယ်ဝတ်စုံ(PPE)လုံလောက်မှုမရှိတာတွေကြောင့် ဖျားနာသူတိုင်းကို မစစ်ဆေးနိုင်ဘူးလို့ သိရပါတယ်။

“အရင်တစ်ခေါက်ကတော့ စစ်ရှောင်တဲ့အချိန်တော့ ဆုံးသွားတဲ့သူတော့ ရှိတယ်ပေါ့။ ကိုဗစ်ပဲ ဖြစ်ဖို့များမယ် သူ့ဟာကလေ။ ဒါပေမယ့် အခုတော့ ရွာထဲမှာပဲ ပြန်နေကြပြီ အခြေအနေ နည်းနည်းပြန်ကောင်းတော့လေ။ ဒီနောက်ပိုင်း ကိုဗစ်ကြောင့် သေတာတို့ဘာတို့တော့ ကြားတော့မကြားသေးဘူး။” လို့ ဖရူဆိုမြို့နယ်မှာ နယ်လှည့်ဆေးကုသပေးနေသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ဖို့ အဖွဲ့ဝင် ၇ ဦးနဲ့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) လက်အောက်ခံ ကျန်းမာရေးကော်မတီကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖွဲ့စည်းထားသလို NUG အမျိုးသားကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

spot_img
spot_img