spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

စတုတ္ထအကြိမ် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ညီလာခံကျင်းပ

Author

Date

Category

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

စတုတ္ထအကြိမ်မြောက် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီညီလာခံတစ်ရပ်ကို ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ညီလာခံမှာ ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ချပြတာတွေ၊ ဖွဲ့စည်းပုံစည်းမျဉ်းတွေကို ပြန်လည်ဖြည့်စွက်အတည်ပြုတာတွေ၊ ဗဟိုကော်မတီဝင်အသစ်တွေကို ပြန်လည်ရွေးချယ်တာတွေနဲ့ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တာပါ။

ညီလာခံကို ၃ နှစ်တစ်ကြိမ် ပုံမှန်ကျင်းပပေမယ့် ပြီးခဲ့တဲ့ ညီလာခံသက်တမ်းမှာတော့ ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ညီလာခံရွေ့ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ညီလာခံကို ခေါ်ယူကျင်းပဖို့ တစ်နှစ်ဝန်းကျင်သက်တမ်းကျော်လွန်လာတဲ့အတွက် ညီလာခံခေါ်ယူဖြစ်မြောက်နိုင်ဖို့ ကြားကာလ ၅ ဦးကို ကော်မတီ ဖွဲ့စည်းပြီး ညီလာခံဖြစ်မြောက်ဖို့အတွက် လုပ်ဆောင်ခဲ့ရတယ်လို့ ဒုဥက္ကဌ ခွန်းမျိုးအောင်က ပြောပါတယ်။

” ဒီလို ရွေ့ရင်း၊ ရွေ့ရင်းနဲ့ပဲ ဗဟိုကော်မတီဝင်တွေက ပျောက်ပျောက်သွားမယ်။ ပြန်လည်တွေ့ဆုံမှုမရှိဘူးဆိုရင် စာပေယဉ်ကျေးမှုကို ထိန်းမယ့်လူမရှိလောက်တော့ဘူး ဆိုပြီးတော့မှ ပြန်သုံးသပ်မိတယ်။ အဲ့ကြောင့်မို့ ရှိတဲ့ ကော်မတီဝင်တွေကို ပထမတစ်ကြိမ်အစည်းအဝေးခေါ်တယ်။ ခေါ်ပြီးတော့မှ ကြားကာလ ၅ ဦးကော်မတီ ဆိုတာကို ကျနော်တို့ ဖွဲ့လိုက်တယ်။ အဲ့ ၅ ဦးကော်မတီကပဲ ညီလာခံကို အမြန်ဆုံးခေါ်မှ ပဲ ရမယ်ပေါ့။ ညီလာခံ ထွက်ပြီးမှပဲ ကျနော်တို့ ၅ ဦးကော်မတီသည် ဒီသက်တမ်း တာဝန်ပြီးဆုံးမယ်လို့ ကျနော်တို့ ဆုံးဖြတ်ချက်ချ ခဲ့တာရှိတယ်။ အဲ့ကြောင့်မို့လို့ ကျနော်တို့ ညီလာခံကို မရမက ပြန်ခေါ်ရခြင်းဖြစ်တယ်ပေါ့နော်။ ဒါသည် ကယန်းထုတစ်ခုလုံးအတွက် ကိုယ်စားပြုတဲ့ ကယန်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ တစ်ရပ်ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ မူဘောင်အတိုင်းဆက်သွားဖို့ လိုလိမ့်မယ်ဆိုတဲ့ မူဘောင်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ပြန်ပြီးမှ ညီလာခံကို ခေါ်ယူရခြင်းဖြစ်ပါတယ်။ ”

ညီလာခံမှာ ဒေသအဆင့် ကယန်းစာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်တွေ၊ ကယန်းအသင်းအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ၊ ကယန်းအနုပညာအစည်းအရုံးကိုယ်တွေစားလှယ်တွေအပြင် ဗဟိုကော်မတီဝင်ဟောင်း ထဲက ကိုယ်စားလှယ်တွေနဲ့ ဗဟိုကော်မတီအသစ်တစ်ရပ်ကို ကော်မတီဝင် ၂၁ ဦးနဲ့ ပြန်လည် ဖွဲ့စည်းခဲ့ တာပါ။

ကယန်းအသင်းအဖွဲ့တစ်ခုဖြစ်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကယန်းစာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီဝင်တစ်ဦးဖြစ်လာတဲ့ မူးမားဂရက် ကယန်းစာပေတိုးတက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

“ကျမကတော့ ကယန်းမျိုးဆက်သစ်လူငယ်ရဲ့ ကိုယ်စားအနေနဲ့ ပါဝင်တာပေါ့နော်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကျမ ဗဟိုကော်မတီဝင်အနေနဲ့ ပါဝင်ပြီဆိုတော့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကူမလဲဆိုရင် အခုလော လောဆယ် ကယန်းမျိုးဆက်သစ်လူငယ်မှာလည်း အဓိက စာပေအပိုင်းပေါ့နော်။ စာပေတိုးတက်ရေးအတွက် သင်ထောက်ကူဖန်တီးတဲ့၊ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အပိုင်းမှာ ကျမကလည်း လေ့လာသင်ယူလုပ်ဆောင်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အဓိက ဒီစာပေအပိုင်းမှာဆိုလည်း စာပေအပိုင်းတိုးတက်ရေးမှာလည်း ကျမ ဗဟိုကော်မတီတစ်ယောက်အနေနဲ့တော့ ဆက်ပြီးတော့ ပါဝင်သွားမယ်လို့တော့ စိတ်ဆန္ဒတော့ အဲ့လိုတော့ ရှိပါတယ်။”

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ၂ ရက်တာကျင်းပပြုလုပ်ခဲ့တဲ့ အဲ့ဒီညီလာခံမှာ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်းတွေ၊ ကယန်းအသင်းအဖွဲ့ကိုယ်စားလှယ်တွေ၊ ဒေသကိုယ်စားလှယ်တွေနဲ့ ဒေသခံလူထုတွေ စုစုပေါင်း ၂၀၀ ဦး ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီကို ခရစ်နှစ်၂၀၀၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ်ကယန်းအမျိုး သားညီလာခံကနေ စတင်ဖွဲ့စည်းခဲ့တာကြောင့် ခုဆိုရင် ကယန်းစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်ရေးအတွက် နှစ်ပေါင်း ၂၂ နှစ်ဝန်းကျင် ရပ်တည်လုပ်ဆောင်လာခဲ့တဲ့ ကော်မတီ တစ်ရပ်ဖြစ်ပါတယ်။

spot_img
spot_img

Recent posts