spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဆန်ရိက္ခာပြတ်တောက်မယ့်အရေးနဲ့ ကြုံနေရတဲ့ နယ်စပ်စစ်ဘေးရှောင်စခန်း

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ ယခုလအတွက် ဆန်ရိက္ခာတွေကို မထောက်ပံ့နိုင်တော့ပဲ စစ်ရှောင်တွေ ရိက္ခာပြတ်လတ်မယ့်အရေးနဲ့ ရင်ဆိုင်ကြုံတွေ့လာနေရပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ လက်ရှိ လူဦးရေ လေးထောင်ဝန်းကျင်ရှိနေပြီး ဆန်ရိက္ခာအတွက် လစဉ် အထောက်အပံ့တွေကို မှီခိုနေရတာပါ။

ထိုင်းနိုင်ငံကနေ ဆန်ရိက္ခာတွေကို သယ်ယူနေရပြီး ထိုင်းအာဏာပိုင်တွေက တစ်လကျော်ကြာ အဲဒီကားလမ်းကို လုံခြုံရေးအရ သွားလာခွင့်ပိတ်ထားတဲ့အတွက် စစ်ရှောင်တွေလိုအပ်တဲ့ရိက္ခာတွေကို မသယ်ယူနိုင်တော့တာဖြစ်ပါတယ်။

ဒီလိုသွားလာခွင့်ပိတ်တဲ့အချိန်မှာ ရိက္ခာသိုလှောင်တဲ့နေရာမှာလည်း စစ်ရှောင်အားလုံးအတွက် ဆန်လုံလုံလောက်လောက်မရှိတော့သလို လက်ရှိမှာလည်း အိမ်မှာဆန်လုံးဝပြတ်သွားတဲ့မိသားစုတွေကို နှစ်ပတ်စာဆန် ထုတ်ပေးတာနဲ့ပဲ ဖြေရှင်းနေရပြီး ရေရှည်မှာ ပြတ်လတ်မှုနဲ့ ကြုံရနိုင်တယ်လို့ အဲဒီ စစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ခါးထယ်က ပြောပါတယ်။

“ပြတ်လတ်နိုင်တယ်ဆိုတာကလည်း ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးအပေါ်မှာပဲ မူတည်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍သာ ဒီအတိုင်းဆက်ပြီးတော့ လမ်းဆက်ပိတ်နေမယ်ဆိုရင်တော့ ကျနော်တို့ ဒီမှာရှိနေတဲ့ ပြည်သူတွေအတွက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ရိက္ခာအပိုင်းကတော့ ငတ်ပြတ်တဲ့ အနေအထားတော့ ရောက်နိုင်တယ်ပေါ့နော။” လို့ ခါးထယ်က ပြောပါတယ်။

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ စစ်ရှောင်တွေကို ထောက်ပံ့ဖို့ ကုလားပဲ။(ဓါတ်ပုံ – လှရိပ်)

ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးက ထိုင်းနိုင်ငံအတွင်း ကျရောက်ခဲ့တဲ့အတွက် နယ်စပ်လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ရှောင်တွေဆီ ရိက္ခာမရောက်ရှိဖို့ ဖိအားပေးနည်းတစ်မျိုးဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
ဖိအားပေးခံရပြီး နယ်စပ်လမ်းကြောင်းပိတ်ပေမယ့်လည်း လူထုမငတ်ပြတ်ဖို့အတွက် နည်းလမ်းရှာရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့က ဒီနယ်စပ်စခန်းကို ပိတ်ပေမယ့်လည်း အခက်အခဲတော့ ကြုံပေမယ့်လည်း ကျနော်တို့ ရိက္ခာရနိုင်မယ့် နည်းလမ်းတော့ ရှာရမှာပေါ့နော။ ဒါကတော့ ဒီမှာကတော့ ပိတ်ပေမယ့်လည်း လူထုကတော့ မငတ်နိုင်ပါဘူးလို့ ပြောချင်ပါတယ်။ တခြားနည်းလမ်းနဲ့တော့ ကျနော်တို့ လုပ်ရမှာပေါ့။ ဆိုတော့ ရန်သူက လာတိုက်တာကိုတော့ ကျနော်တို့ အရှုံးပေးလို့ မရဘူး။”

ယခင်က ဒီလို လုံခြုံရေးအရ ထိုင်းအာဏာပိုင်ဘက်က လမ်းတွေပိတ်တာရှိပေမယ့် နှစ်ပတ်အထိသာကြာမြင့်ပြီး သွားလာခွင့်ပြန်လည်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်တွေဟာ နေ့စဉ်စားဖို့ ဟင်းတွေကိုလည်း ရှာဖွေစားသောက်နေရတဲ့အတွက် ဆန်တွေကိုထပ်ဝယ်စားဖို့ အခက်အခဲရှိနေပါတယ်။

“ဘယ်လိုလုပ်ရမယ်မှန်းမသိဘူး။ ဆန်က နည်းနည်းပဲကျန်တယ်။ ဝယ်စားဖို့လည်း ပိုက်ဆံကမရှိတော့ ဘယ်လိုလုပ်ရမယ်မှန်းမသိဘူး။ ကားတွေလုံးဝ မလာတော့ဘူး။ ကားတွေမလာတော့ ဘယ်နားသွားယူစားရမလဲ။” လို့ အဲဒီစစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ညေးမြာက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ လစဉ် စစ်ရှောင်တစ်ဦးနှုန်းအတွက် ဆန် တစ်ပုံးထောက်ပံ့ပေးပြီး လူဦးရေ နှစ်ထောင်ကျော်ရှိစဉ်က လစဉ် စစ်ရှောင်အတွက် ဆန်အိတ် ၇၀၀ ဝန်းကျင်လိုအပ်ပါတယ်။ စစ်ရှောင်တွေစားသောက်ဖို့အတွက် ကုလားပဲ၊ ဆန်၊ ဆီ၊ဆား စတဲ့ ရိက္ခာတွေကို လစဉ်ထောက်ပံ့ပေးခဲ့ပေမယ့် လက်ရှိမှာ ဘာအထောက်အပံ့မှ မရရှိတော့ဘူးလို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

“အလုပ်ရှိတယ်။ ပြီးတော့ နိုင်ငံခြားက ဆွေမျိုးတွေ နည်းနည်းပို့လာရင် စားရတယ်။ နိုင်ငံခြားမှာ ဆွေမျိုးတွေမရှိတဲ့ ကျမတို့လိုဆိုရင် မစားရဘူး။ ကိုယ်တိုင်ရှာစားရတယ်။ ရွာထဲမှာ သူများ အလုပ်ခေါ်လုပ်ရင်သွားတယ်။ သူများတွေ အိမ်ခေါ်ဆောက်ပြီး တစ်ရက်ကို ၂၀၀ ( ထိုင်းဘတ် ) ပေးရင်လည်း မလောက်ဘူး။ ကျမတို့ လူတအားများတော့ မလောက်ဘူး။ ဆီဝယ်ရင် ငရုတ်သီးလိုတယ်။ ငရုတ်သီးဝယ်ရင် ကြက်သွန်လိုတယ်။ အဲဒီလိုဖြစ်တော့ မလောက်ဘူး။ စားသောက်ရေးတွေမှာ အရမ်းခက်ခဲတယ်။ ဝယ်စားဖို့အတွက် ကောပဲ။ အပြင်တွေလည်း ပေးမသွားဘူးကော။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ကရင်နီပြည်တွင်း တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်မှာ လူထုတွေဟာ ကျေးရွာထဲ နေထိုင်လို့မရတော့တဲ့အတွက် နယ်စပ်တွေမှာစစ်ရှောင်စခန်းအဖြစ်နဲ့ သွားရောက်နေထိုင်ကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေဟာ မိုးရာသီမှာ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြပေမယ့် နွေရာသီမှာတော့ ရေရှားပါးတဲ့အတွက် စိုက်ပျိုးနိုင်ခြင်းမရှိတော့ပါဘူး။

ယခင်က စစ်ရှောင်တွေကို လက်ရှိမှာလည်း ဆန်ရိက္ခာတွေကိုတောင် ထောက်ပံ့ဖို့ ခက်ခဲနေတဲ့အတွက် စစ်ရှောင်တွေဟာ တောတောင်ထဲမှာ ဟင်းတွေကို ရှာဖွေစားသောက်နေရပါတယ်။

ပြည်တွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဧပြီလ ၄ ရက်နေ့မှာ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းကို ထပ်မံ ရောက်ရှိလာကြတဲ့ စစ်ရှောင်များ။(ဓါတ်ပုံ- လှရိပ်)

“ကျနော်တို့ကို ဟင်းတွေထောက်ပံ့တာက မလုံလောက်တဲ့အတွက် ကျနော်တို့ ကိုယ့်ဘာသာကိုယ်ရှာစားရတယ်။ ကျနော်တို့ ငှက်ပျောအူတွေကို သွားရှာခုတ်ရတယ်။ သစ်ခေါက်တွေသွားခုတ်စားတယ်။ အရွက်တွေသွားခူးတယ်။ ပြီးတော့ ချက်စားတယ်။ အဲဒီလိုနဲ့ တစ်ရက်တစ်ရက်ကို ဖြေရှင်းနေရတာပေါ့။” လို့ ဦးငါးရယ်က ပြောပါတယ်။

လက်ရှိအဲဒီစစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ တောင်ယာလုပ်ငန်းတွေကို မလုပ်ကိုင်နိုင်တဲ့အတွက် အထောက်အပံ့တွေကိုသာ အဓိက မှီခိုနေရပြီး လက်ရှိ မထောက်ပံ့နိုင်တဲ့အချိန်မှာလည်း ယခင်အထောက်အပံ့တွေထဲက ကျန်ရှိနေတဲ့ ရိက္ခာတွေကို ခြွေတာ စားသောက်နေရပါတယ်။

ကရင်နီပြည်တွင်းမှာလည်း တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေတဲ့အတွက် နယ်စပ်ကို ထွက်ပြေးလာတဲ့ စစ်ရှောင်တွေနေ့စဉ်နဲ့အမျှရှိလာနေပြီး စစ်ရှောင်ဦးရေ တိုးလာနေပါတယ်။

spot_img
spot_img

Recent posts