spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“ဆယ်တောရုို နွေရာသီအားကစားပွဲတော်မှသည်… ပြည်နယ်အားကစားဖွံ့ဖြိုးမှုသုို့…”

Author

Date

Category

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အသေးငယ်ဆုံး ပြည်နယ်လေးတစ်ခုဖြစ်၏။ ဖွံ့ဖြိုးမှုအနည်းဆုုံးပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေ(၃)သိန်းကျော်သာရှိသည့် ဘာသာပေါင်းစုံ၊ လူမျိုးစုုပေါင်းစုံနေထိုင်သည့် ပြည်နယ်တစ်ခုဖြစ်၏။

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသဖြင့် လူငယ်များ၏ပညာရေး၊ ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍများတွင် အခြားပြည်နယ်၊ တိုင်းဒေသကြီးများနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်ခဲ့သည်ဟု ပြောနိုင်၏။ ထို့အပြင် လူငယ်များ၏ မူးယစ်ဆေးဝါးသုံးစွဲမှုသည် မြင့်မားလျှက်ရှိ၏။

သို့သော်လည်း ကယားပြည်နယ်သည် အားကစားကဏ္ဍတွင် အစဉ်အလာရှိသည့် ပြည်နယ်တစ်ခုဟု ပြောဆိုနိုင်၏။ မြန်မာ့လက်ရွေးစင် အားကစားသမားပေါင်းများစွာ ပေါ်ထွက်ခဲ့ဖူး၏။ ယခုလဲပေါ်ထွက်နေဆဲဖြစ်၏။

ဒေသတွင်းအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစုိုးရ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများသည် ပြည်နယ်တွင်း အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးပါလှ၏။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ဒေါညေးခူ ကျေးရွာအနီး ဖွင့်လှစ်ထားသည့် “ ဆယ်တောရို လူငယ်များငြိမ်းချမ်းရေး၊ ပညာရေးနှင့်ဖွံ့ဖြိုးရေးစင်တာ”တွင် (၁၉.၄.၂၀၁၉) ရက်နေ့မှ (၂၂.၄.၂၀၁၉) ရက်နေ့အထိ (၄)ရက်တာ ဆယ်တောရို နွေရာသီအားကစားပြိုင်ပွဲကို ကျင်းပပေးခဲ့၏။

အမျိုးသား၊ အမျိုးသမီး အသက်(၂၀)အောက် ဘော်လီဘောပြိုင်ပွဲနှင့် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများကို ပထမဦးဆုံးအကြိမ် ကျင်းပပေးခဲ့၏။ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အသင်း(၁၇) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးအသင်း (၅)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ အားကစားပွဲတော်ဖွင့်ပွဲသို့ ဖရူဆိုမြို့နယ်၊ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးသဲရယ်မှတက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်မှ “ အားကစားပွဲကျင်းပပေးရတဲ့ အဓိကရည်ရွယ်ချက်က အချင်းချင်းချစ်ခင်ရင်းနှီးပြီး အားကစားကောင်းများ ပေါ်ထွန်းဖို့နဲ့ အားကစားနည်းတွေကို စနစ်တကျလေ့လာသင်ယူနိုင်ဖို့ဖြစ်ပါတယ်“ ဟုပြောကြားခဲ့သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်မှဆက်လက်ပြီး “အားကစားသမားအချင်းချင်း မတော်တဆထိခိုက်မိရင်လည်း အငြိုးအတေးမထားကြဖုို့၊ သည်းခံခွင့်လွတ်ကြဖို့လိုကြောင်း၊ အားကစားပြိုင်ပွဲအတွင်း ဖြစ်တဲ့ပြဿနာတွေကို အငြိုးအတေးထားပြီး အိမ်အထိ၊ ရွာအထိ သယ်ပြန်သွားပြီး ရန်သူသဖွယ်ဖြစ်သွားတာမျိုးဟာ ကောင်းတဲ့အလေ့အထ မဟုတ်ဘူး˝လို့ လူငယ်အားကစားသမားများကို ကယားဘာသာစကားဖြင့် လမ်းညွှန်ဆုံးမပေးခဲ့ပါသည်။

အဆိုပါအားကစားပြိုင်ပွဲကို ဦးဆောင်ကျင်းပသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်မှလည်း “လူငယ်များအနေနှင့် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်နယ်တွင်းမူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် ထူးချွန်ထက်မြက်သည့် ပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ ပေါ်ထွက်ရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း“ နွေရာသီအားကစားပြိုင်ပွဲ ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့၏။

အဆိုပါ နွေရာသီအားကစားပွဲတော်သို့ ပြည်နယ်ကိုယ်စားပြု ဘောလုံး၊ ပြေး၊ ခုန်၊ ပစ်၊ လက်ဝှေ့နှင့် ရုိုးရာလက်ဝှေ့ အားကစားသမားဟောင်းများမှ လာရောက်ပူးပေါင်းခဲ့ပြီး လူငယ်အားကစားသမားများအား ၎င်းတို့၏အတွေ့အကြုံများကို မျှဝေပေးခဲ့ကြပြီး အားပေးစကားများပြောကြားခဲ့သည်။ ထို့အပြင် ပြည်နယ်နှင့်တိုင်း လက်ဝှေ့ချန်ပီယံဟောင်းများမှ ဟန်ရေးပြထုိုးသတ်ပြခဲ့ကြပြီး လူငယ်များအနေနဲ့ လက်ဝှေ့အားကစားကို စိတ်ဝင်စားမှုရှိလာအောင် ဟောပြောစည်းရုံးပေးခဲ့ကြ၏။

ထို့အပြင် ပြေး၊ ခုန်၊ ပစ်အားကစား နည်းစနစ်ပိုင်းဆိုင်ရာနှင့် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများကို ဦးဆောင်ပြုလုပ်ပေးခဲ့သည့်၊ ရန်ကုန်မြို့အားကစားသိပ္ပံကျောင်းမှ ပြေးခုန်ပစ်နည်းပြချုပ် ဦးဌေးဇော်ဦးမှ ပြည်နယ်ကိုယ်စားပြု အားကစားနှင့် ပြည်နယ်လက်ရွေးစင်ဟောင်း ထူးချွန်အားကစားသမားများအကြောင်း ပြောပြခဲ့ပြီး စနစ်တကျ လေ့ကျင့်သင်ယူကြပါရန် အားပေးစကားပြောကြားခဲ့ပါသည်။

ကယားပြည်နယ်သည် ပြည်နယ်သေးငယ်သော်လည်း အားကစားနှင့်ပတ်သက်လျှင် ကောင်းမွန်သည့် အစဉ်အလာများရှိခဲ့၏။ ကြိုးစား အပင်ပန်းခံနိုင်သည့် လူငယ်များစွာရှိ၏။ လူငယ်အားကစားဖွံဖြိုးရေးကို စိ်တ်ဝင်စားသည့် အားကစားသမားဟောင်း များစွာရှိ၏။ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များမှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေကြ၏။ ဒေသခံစီးပွားရေးသမားများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများမှလည်း တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးနေကြ၏။

သို့သော်လည်း ပြည်နယ်အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ စနစ်တကျပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေး၏။ ပြည်နယ်အားကစား ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ပြည်နယ်အစုိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် စနစ်တကျ၊ ဟန်ချက်ညီညီ၊ ပူးပေါင်းဆောင်ရွက်ဖုို့ လိုအပ်မည်ဖြစ်ပါကြောင်း။………………..

ထူးချစ်

(စာရေးသူသည် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုမှ ပေးသည့် အာသောက၊ လူ့အခွင့်အရေးဆု၊ ၂၀၁ဝခုနှစ်၊ ပြင်သစ်နိုင်ငံမှပေးသည့် လူ့အခွင့်အရေးဆုနှင့် ၂၀၁၄ခုနှစ်    7 DAY Hero ဆုများကို ရရှိထားသူဖြစ်ပါသည်။ )

spot_img
spot_img

Recent posts