spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အလှူရှင်မရောက်တာ သုံးလကျော်ပြီဖြစ်တဲ့အတွက် အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။

လူဦးရေ ၁၀၀၀ကျော်နဲ့ အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ၆ အိမ်လောက်က စားဝတ်နေရေး ခက်ခဲတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းမှာ သိုလှောင်ထားတဲ့ အရေးပေါ်ရိက္ခာတွေနဲ့ ထုတ်ပေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်စခန်းကော်မတီတစ်ဦးက ဆက်ပြောပါတယ်။

“ ဒီအိမ်ထောင်စု တစ်ခုက သူ့ဟာစားဖို့ လုံးဝမရှိတော့ဘူး။ သူ့ဟာ တစ်ပြည်နှစ်ပြည်ပဲ ကျန်မယ်ဆိုရင် သူက ဒီကော်မတီကို တင်ပြရတယ်ပေါ့နော။ ကော်မတီက သူ့အိမ်အထိ လိုက်ကြည့်ပေးရတယ်။ အဲဒီအချိန်မှာဆိုရင် ဂိုဒေါင်မှာ သိမ်းထားတဲ့ ဆန်အချို့ရှိတယ်။ အဲဒါ ပွဲတော်အတွက် အသုံးပြုဖို့ရယ် ဒီစစ်ရှောင်မှာရှိနေတဲ့လူ အရေးပေါ်အသုံးပြုဖို့ရယ် ဆိုပြီး ထားထားတဲ့ ဆန်တချို့ရှိတယ်ပေါ့နော။ အဲဒါဆိုရင် သူတို့က ဆန်မရှိတော့ဘူးလို့ သူတို့က လာတောင်းခံခဲ့မယ်ဆိုရင် သူတို့ တစ်အိမ်ကို ယာယီအနေနဲ့ နှစ်ပြည်သုံးပြည်နှုန်း အဲဒီလိုမျိုး ပေးတာတွေရှိတယ်။” လို့ သူက ပြောပါတယ်။

အလှူရှင်တွေဟာ စစ်ဘေးဒုက္ခသည်တွေကို ဆန်၊ဆီနဲ့ ဆပ်ပြာတွေ အဓိက ပေးလှူနေပြီး လက်ရှိမှာ အလှူရှင်တွေလှူထားတဲ့ ရိက္ခာတွေထဲက ပွဲတွေ၊ အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့အတွက် ချန်ထားတဲ့ ရိက္ခာတွေဟာလည်း လက်ရှိမှာ အသုံးပြုလို့ တစ်လစာတောင်မကျန်တော့ပဲ ကုန်လုနီးနေပြီလို့ သူက ဆက်ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ အလှူရှင်ဆီက လှူဒါန်းမှုတွေ မရတော့တဲ့အတွက် နောက်နှစ်တွေမှာ ကိုယ်တိုင်စိုက်ပျိုးနိုင်ဖို့ တောင်ယာတွေကို သွားရောက်ခုတ်ထွင်နေတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးမောရိုးက ပြောပါတယ်။

“ ဘားမလုပ်ကြဘူး။ သူတို့အိမ်နီးနားချင်းလူ၊ ရွာထဲမှာရှိတဲ့ ဆွေမျိုးတွေဆီမှာပဲ ဟင်းသီးဟင်းရွက် သွားခူးစားကြတာပဲ။ တစ်ရက်နှစ်ရက်တော့ အလှူရှင်တွေသိပ်မလာတော့တဲ့အတွက် ကျနော်တို့တွေ တောင်ယာခုတ်ထားကြတယ်။ မြေပဲခင်းခုတ်တယ်။ တောင်ယာစပါးလုပ်ဖို့ အဲဒီတောင်ယာစပါးခင်းတွေ ခုတ်ကြတယ်။ ” လို့ ဦးမောရိုးက ပြောပါတယ်။

ကရင်နီပြည်တွင်းက တခြားစစ်ဘေးဒုက္ခသည် အများစုမှာလည်း အလှူရှင်မရောက်တာ ၊ အလှူရှင်နည်းပါးတဲ့အတွက် စားနပ်ရိက္ခာပြဿနာ ကြုံတွေ့နေရပါတယ်။ ကရင်နီပြည်တွင်းက စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်တာ နှစ်နှစ်နီးပါးရှိနေပြီး စားနပ်ရိက္ခာအတွက် အလှူရှင်တွေကို အဓိက မှီခိုနေရတာပါ။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေသေးတဲ့အတွက် နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ နေရပ်ပြန်တဲ့ အရပ်သားပြည်သူတချို့ဟာလည်း နယ်မြေရှင်းလင်းရေး မပြုလုပ်ရသေးတဲ့အတွက် မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးတာတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ တချို့ကျေးရွာတွေမှာလည်း စစ်ကောင်စီပစ်ခတ်လာတဲ့ လက်နက်ကြီးတွေကျရောက်ပြီး အိမ်ပျက်စီးတာတွေ အရပ်သားပြည်သူ ထိခိုက်သေဆုံးရတာတွေ အများအပြားရှိနေပါတယ်။

spot_img
spot_img

Recent posts