spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဆုံးရှုံးသွားတဲ့ ပညာသင်ကြားခွင့်အတွက် ရုန်းကန်နေရတဲ့ လူငယ်များ

Author

Date

Category

ခွန်းကလိုင်းဖရီး/ ကန္တာရဝတီတိုင်း(မ်)

ကိုဗစ်ကာလနဲ့ တဆက်တည်း စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ရမယ့် လူငယ်လူရွယ်တွေဟာ ပညာသင်ကြားခွင့် အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီလို ပညာသင်ကြားခွင့်ဆုံးရှုံးရတဲ့ လူငယ်တွေထဲမှာ ကယန်းဒေသက လူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မူဆာရာထွေးလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မူဆာရာထွေးဟာ လွိုင်ကော်တက္ကသိုလ်မှာ ဥပဒေမေဂျာ တတိယနှစ်နဲ့ ကျောင်းနားထားရတဲ့ တက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

“ကျမတို့ သူငယ်ချင်းတွေမှာဆိုပဲဖြစ်ဖြစ်ပေါ့၊ ကျမမှာပဲဖြစ်ဖြစ်ပေါ့။ ပညာရေးနဲ့ ပတ်သက်ပြီးတော့မှ အများကြီး ရည်မှန်းချက်ထားပြီးတော့မှ ပန်းတိုင်ထားတဲ့လူတွေအတွက် စစ်အာဏာသိမ်းတာကြောင့် လုံးဝပျက်စီးသွား တာပေါ့နော်။ တချို့က ကိုယ်ဟာကိုယ် နေရင်တောင်မှ စိတ်ဓါတ်ကျတဲ့အထိတောင်မှ ခံစားရတယ်ပေါ့နော်။” လို့ မူဆာရာထွေးက စစ်အာဏာသိမ်းမှုကြောင့် ဆုံးရှုုံးခဲ့လိုက်ရတဲ့ ပညာရေးအကြောင်းကို ပြောပြပါတယ်။

စစ်အာဏာသိမ်းမှုအပြင် အခြေအနေမတည်ငြိမ်တဲ့ ဒေသတွင်းတိုက်ပွဲ၊ နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းကလည်း ဆက်တက်လို့မရသလို အလုပ်အကိုင်ကလည်း ရှားပါးတာကြောင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ထိ စဉ်းစားမိတယ်လို့ မူဆာရာထွေးက ဆိုပါတယ်။

“ပထမဆုံးက နိုင်ငံခြားသွားပြီးတော့မှ အလုပ်လုပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူးပေါ့နော်။ ဒါပေမယ့် အခြေအနေက ပညာဆက်သက်ကြားမယ့် အခြေအနေရောက်တော့ ကိုယ့်ဟာကိုယ် တခါတလေကျရင် အော် ငါနိုင်ငံခြားသွားပြီးတော့မှ အလုပ်လုပ်ရင်ကောင်းမလား။ အဲ့လိုမျိုးအတွေးတွေ ပိုပြီးတော့မှ ဝင်စေတာပေါ့နော်။ ဒီနိုင်ငံရေးအခြေအနေတွေကြောင့်ပေါ့။”

အလားတူ ဆယ်တန်းတစ်နှစ်ကျပြီး ကျောင်းပြန်တက်ဖို့ အားခဲထားခဲ့တဲ့ ခွန်းဒေးနစ်စိုးဟန်ကတော့ စစ်အာဏာသိမ်း မှုကြောင့် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့ရပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းဆက်တက်ဖို့ ရပ်နားထားလိုက်ရတဲ့အပြင် စစ်အာဏာသိမ်းမှုကြောင့် မျှော်လင့်ချက်က ပိုမိုကင်းမဲ့သွားတယ်လို့ ဆိုပါတယ်။

“ကျနော် ဆယ်တန်းမအောင်ခဲ့ဘူးပေါ့နော်။ အဲ့ဒါနဲ့ နောက်နှစ်ကျနော် ပြန်တက်မယ်ဆိုတော့ ကိုဗစ်နဲ့ တိုးတယ်။ ကိုဗစ်နဲ့တိုးတော့ ကိုယ့်မှာ အဲ့ချိန်တုန်းကတော့ မျှော်လင့်ချက်နည်းနည်းရှိသေးတာပေါ့နော်။ ဒီကိုဗစ်ပြီးတော့ ပြန်တက်ရမယ်ဆိုတဲ့ စိတ်ဓါတ်လေးတော့ နည်းနည်းမြှင့်ထားလို့ ရသေးတာပေါ့နော်။ ဒါပေမယ့် ဒီအခြေအနေမျိုး မှာ အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ ကျနော့အတွက် လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွားတဲ့ လူငယ်တစ် ယောက်ဖြစ်သွားတာပေါ့နော်။”

၂၀၁၉ခုနှစ်မှာ (၁၀)တန်းအောင်ပြီးတော့မှ တက္ကသိုလ်တက်ဖို့စောင့်နေပေမယ့် ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ၄ နှစ်ကြာတဲ့အထိ ကျောင်းဆက်မတက်နိုင်ပဲဖြစ်နေသူကတော့ မူမိုးသူဇာပါ။

“ကျမကေတာ့ ဆယ်တန်းတော့ တက်ပြီးတယ်။ တက္ကသိုလ်ပထမနှစ်တက်ဖို့ ကိုဗစ်ဖြစ်တော့ ကျောင်းနား ရတယ်။ ပြီးတော့ ဆက်တက်မယ်ဆိုတော့လည်း နိုင်ငံရေးအခြေအနေကြောင့် ပြီးတော့ ဆက်မတက်ခဲ့ရဘူး။ ၂၀၁၉ က အောင်တယ်ဆိုတော့ တစ်နှစ်မှ မတက်ရသေးဘူးဆိုတော့ ၄ နှစ်တော့ရှိပြီ။”

အခြေအနေအမျိုးမျိုးကြောင့် လူငယ်တွေဟာ အစိုးရကျောင်းနဲ့ တက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဒါ့ကြောင့် လူငယ်တွေဟာ အရပ်ဖက်အဖွဲ့ အစည်းတွေက ဖွင့်ထားတဲ့ သင်တန်းကျောင်းတွေမှာ ပညာတွေဆက်လက်ဆည်းပူးဖို့ အားကိုးလာရပါတော့တယ်။

ခုဆိုရင် ကယန်းအရပ်ဖက်လူငယ်အဖွဲ့အစည်းတစ်ခုက ဖယ်ခုံမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ လူငယ့်စွမ်းရည်မြှင့် သင်တန်းကျောင်းတစ်ခုမှာ မူဆာရာထွေး၊ ခွန်းဒေးနစ်စိုးဟန်နဲ့ မူမိုးသူဇာတို့ (၃) ဦးအပါအဝင် အသက် (၁၇)နှစ်ကနေ (၂၅)နှစ်ကြား လူငယ် (၂၀) ဦးတို့ဟာ ပညာတွေ ဆက်လက်ဆည်းပူးလေ့လာခွင့်ရခဲ့ကြပါတယ်။

“အဓိကက စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ပန်းတိုင်တွေကြောင့်ပေါ့နော်။ ပြီးတော့မှ အဲဒီပန်းတိုင်တွေကို ဘယ်လိုပြန်လည်လုပ်လို့ရလည်း ဆိုတဲ့နည်းလမ်း၊ ပြီးတော့မှ ဆက်ပြီးတော့မှ ပညာရေးကို လေ့လာမှုလုပ်ချင်လို့၊ ဆက်ပြီးတော့ အဆက်မပြတ်အောင် ထပ်ပြီးတော့မှ လေ့လာမှုတွေ လုပ်ချင်လို့၊ အဲ့ဒါကြောင့် ဒီသင်တန်းကို လာတက်ရောက်ရခြင်းဖြစ်ပါတယ်။” လို့ မူဆာရာထွေးက ဆိုပါတယ်။

အဲ့ဒီသင်တန်းကျောင်းဟာ ၄ လကြာသင်ကြားပေးမယ့် သင်တန်းကျောင်းတစ်ခုဖြစ်ပြီးတော့ နိုင်ငံရေး၊ လူ့အခွင့် အရေး၊ ကယန်းစာပေ၊ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာပညာရပ်စတာတွေကို သင်ကြားပေးနေတာဖြစ်ပါ တယ်။

အခုလို သင်တန်းကျောင်းတွေက လူငယ်တွေကို ခေါ်ယူလေ့ကျင့်သင်ကြားပေးနေတာဖြစ်လို့ ပညာဆက်လက် သင်ကြားဖို့ ရုန်းကန်နေရတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာပါတယ်။

spot_img
spot_img

Recent posts