spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဈေးတွေမှာ စည်းကမ်းလိုက်နာမှု အားနည်းနေသေး

Author

Date

Category

နော်ဒွေးအယ်ခူ

ဈေးတွေမှာ စည်ပင်က ညွှန်ကြားထားတဲ့ စည်းကမ်းလိုက်နာမှု အားနည်းနေသေးတာကြောင့် အသိပညာပေးနိုးဆော်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းကပြောပါတယ်။

ဦးသန်းထွန်း “ အားနည်းနေသေးတဲ့ ဈေးသူဈေးသားတွေကိုလည်း စည်းကမ်းတကျနဲ့ရောင်းချဖို့ ထပ်မံပြီး ပညာပေးနိုးဆောင်တဲ့လုပ်ငန်းတွေ ဆက်လုပ်အုံးမှာဖြစ်ပါတယ်။ ဒီအပေါ်မှာမှ လိုက်နာမှုမရှိဘူးဆိုရင်တော့ တနည်းနည်းနဲ့ အရေးယူမယ့်အပိုင်းကိုစဉ်းစားထားပြီးဖြစ်ပါတယ်။ ဒါလေးကိုလည်း ပြည်သူတွေကို ကြိုတင်ချပြသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

ထုံးဖြူးပြီး ၃ပေအကွာသတ်မှတ်ထားတဲ့နေရာတွေမှာ အချို့သော ဈေးရောင်းဈေးဝယ်တွေက လိုက်နာမှုမရှိဘူးလို့ဆိုပါတယ်။

၅ရက်တစ်စျေး ဖွင့်လှစ်တဲ့ နောင်ယားစျေးရဲ့ ဧပြီလ ၂၁ ရက်နေ့က မြင်ကွင်းတခု

စည်ပင်သာယာရေးကော်မတီအနေနဲ့ ဈေးအတွင်း Mask တပ်ပြီး ရောင်းဝယ်ကြဖို့ မေတ္တာရပ်ခံမှုကို လိုက်နာပေးဖို့ အနီးကပ်လိုက်ပြောနေသလိုဈေးပတ်လည်မှာလည်း Mask တပ်ပြီး ဈေးရောင်း၊ ဈေးဝယ်ဖို့ မေတ္တာရပ်ခံစာ ဗီနှိုင်းတွေ လိုက်ကပ်ထားပါတယ်။ ဈေးရောင်းဈေးဝယ်တွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် သုံးပေအကွာ ၆ပေအကွာနေပေးဖို့ နိုးဆော်ထားပါတယ်။

လွိုင်ကော်မြို့မှာရှိတဲ့ ၅ရက်တစ်ဈေး နောင်ယားဈေးမှာ ဈေးရောင်းလာတာ ၁၁နှစ်ရှိပြီဖြစ်တဲ့ ဦးအုန်းမောင်က စည်ပင်က ကြေညာတဲ့ စည်းကမ်းချက်တွေ လိုက်နာတဲ့သူတွေရှိတာကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

ဦးအုန်းမောင် “လိုက်နာတဲ့သူလည်းရှိပါတယ် နားထောင်တဲ့သူလည်းရှိပါတယ်။ လူ နည်းနည်းပါးပါးရှင်းတဲ့အချိန်လေးဆိုရင်တော့ အသက်ရှုတာလည်းအဆင်မပြေကြဘူးလေ လူမရှိဘူးဆိုရင်တော့ Mask တပ်တော့တပ်ထားတယ် အောက်နည်းနည်းလေးချထားတယ်ပေါ့ နှာခေါင်းလေးတော့ဖော်တာပေါ့ အသက်ရှုရတာ အဆင်မပြေဘူးလေ တစ်ချိန်လုံးဆိုတော့လည်း အဲဒါမျိုးလေးရှိပါတယ် အဆင်ပြေကြပါတယ် အကုန်လုံး”လို့ ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကြီး (တောင်ဈေး)၊ နှစ်ထပ်ဈေး ကို ယခင်က နေ့စဉ်ပုံမှန်ဖွင့်လှစ်ရာကနေ CIVID-19 ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လအကုန်ကစပြီး တစ်ပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ သုံးရက်သာ ပြောင်းလဲ ဖွင့်လှစ်ထားပြီး ကြားရက်တွေမှာဆိုရင် ပိုးသတ်ဆေးဖြန်းခြင်းကို ဆောက်ရွက်နေပါတယ်။ ငါးရက်တစ်ဈေးဖြစ်တဲ့ နောင်ယားဈေးကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်။

ဈေးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ဈေးသည်တစ်ဦးကလည်း ဆိုင်မှာစားသုံးခွင့်ပေးထားပေမယ့်လည်း ဆိုင်ထဲမဝင်ခင် လက်ဆေးခိုင်းတာတွေ တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်းမှာထိုင်ခိုင်းတာတွေ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်ဖွင့်လှစ်သူဒေါ်ခင်စန်းဝင်းက “လက်ဆေးခိုင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် ကွာကွာထိုင်ခိုင်းတယ် ပါဆယ်တွေထုပ်ပေးတယ် တအားနဲ့မနီးကပ်ဘူး တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးမှာ ပြင်ဆင်ပေးတာပေါ့”လို့ပြောပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့က ဧပြီလ ၂၀ရက်နေ့မှာ ထုတ်ပြန်ထားတဲ့အမိန့်စာမှာလည်း ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဈေးအသီးသီးမှာ ဈေးရောင်းဈေးဝယ်နေကြတဲ့ ဈေးလုပ်သားတွေနဲ့ ပြည်သူများအားလုံးကို Mask တပ်ပြီး ဈေးရောင်းဈေးဝယ်လုပ်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

spot_img
spot_img

Recent posts