spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ဖာလာစိုက်တောင်သူတွေရဲ့ဘဝအခက်အခဲ

ဖာလာသီးအစိမ်းတွေကို ထင်းမီးနဲ့အပူပေး အခြောက်ခံနေတဲ့သူကတော့ အသက် ၅ဝ နှစ်အရွယ် စခွန်းမားရိယို ဖြစ်ပါတယ်။

ခါတိုင်းနှစ်တွေမှာတော့ ခူးယူထားတဲ့ ဖာလာသီးတွေကို ပွဲစားတွေလက်ထဲ အစိမ်းလိုက်ရောင်းချပေမဲ့ ဒီနှစ်မှာတော့ အခြောက်ခံပြီးရောင်းဖို့ စမ်းကြည့်နေတယ်လို့ ဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတွေကပြောပါတယ်။

စခွန်းမားရိယို
ဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦး

“အဲ့မျိုးလုပ်မယ်ဆို ဈေးနှုန်းနည်းနည်းပိုရမလား ပြောနေတာ၊ စမ်းကြည့်နေတာ။ ဒီနှစ်ပဲစမ်းတာ၊ အခုပဲပြန်လုပ်တာ။ အရင်က ကျနော်တစ်ခါမှမလုပ်ဘူး။ စမ်းကြည့်မလို့။ အဲ့မျိုးတစ်အိတ်ဆို သူများချိန်ခွင်နဲ့ ချိန်တယ်ကော။ တစ်အိတ်မှာ (၁၅) ပိဿာ၊ အခြောက်က ၂ ပိဿာပေါ့။ အဲ့မျိုးပဲ။ ဈေးနှုန်းက တစ်ခါတလေတက်တယ်။ တစ်ခါတလေကျတယ်။ အဲ့မျိုးပဲလေ မပြောတတ်တော့ဘူး။”

ကယန်းဒေသ၊ ဖယ်ခုံမြို့နယ်မှာ နေထိုင်တဲ့ စခွန်းမာရိယို ဟာ ဖာလာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လာတာ နှစ် ၂၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

သီတင်းကျွတ်နောက်ပိုင်းမှာတော့ ဖာလာသီးအစိမ်း ၁၅ ပိဿာဆံ့ အိတ်တစ်အိတ်ကို ၁၂,၀၀၀ နဲ့ အခြောက် တစ်ပိဿာကို ၆,၀၀၀ ကျပ်အထိ ပြန်ကျသွားတယ်လို့ ဖာလာစိုက်တောင်သူတွေက ပြောပါတယ်။

စခွန်းမားရိယို
ဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦး

“ကျနော့်ဟာဆို သိပ်မသီးတော့ဘူးရော။ ဘာဖြစ်လဲဆို အခင်းဟောင်းသွားပြီလေ။ ကြာပြီးကော။ သိပ်မကိုက်ပါဘူး။ ဘာဖြစ်လဲဆို ထင်းလိုတာကော၊ နောက် ပကာ(လုပ်အားခ)လည်း ကုန်တာကော။ နောက် အညှာချွေလည်း လိုတာကော။”

ဖာလာစိုက်ပျိုးလာတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ ဖယ်ခုံမြို့နယ်က စခွန်းဂျွန်ပေါလ်က သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

စခွန်းဂျွန်ပေါလ်
ဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦး

“စိုက်ဆိုတော့ တစ်ခွင်တစ်ခွင်၊ တစ်နေရာနေရာဆိုတော့ နည်းနည်းပါးပါး စိပ်စိပ်လေးစိုက်လိုက်ပေါ့။ စိုက်ပြီးမှ ကောင်းကောင်းလေးရှင်း။ ရှင်းနိုင်ရင် တစ်နှစ်မှာ နှစ်ကြိမ်ရှင်းပြီးဆိုတော့ အမျိုးလည်း ပွားတာကောင်းတယ်။ သုံးနှစ်စီမံကိန်းဆို သီးပြီ။ ငါးနှစ်ဆိုတော့ အသီးတော့ ဆက်စားရသေးတယ်။ ၆ နှစ်၊ ၇ နှစ်ဆို နည်းနည်းပါးပါး ပြန်ဆင်းလာပြီ။ အဲ့အချိန်မှပဲ သန့်ရှင်းရေးလုပ်နိုင်တယ်။ ကောင်းကောင်းမွန်မွန် ရှင်းနိုင်တယ်ဆိုရင် ပြန်တက်သေးတယ်။ တစ်နှစ်၊ နှစ်နှစ်နားပြီး တစ်နှစ်၊ နှစ်နှစ်တက်အဲ့မျိုးပေါ့။”

ဖာလာစိုက်ပျိုးရေးလုပ်ငန်းဟာ သစ်တောကို အမှီပြုစိုက်ပျိုးရတာကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ကယန်းဒေသက ဖာလာစိုက်တောင်သူတွေဟာ ဖာလာအထွက်နှုန်းနည်းတာနဲ့ ဖာလာဈေးကျရင် အဆင်မပြေမှုတွေ ဖြစ်ရပါတယ်။

ဖာလာသီးကို အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလလောက်မှာ စတင်ခူးဆွတ်ကြပါတယ်။ အဲ့လိုခူးဆွတ်တဲ့အခါမှာ အလုပ်သမားတစ်ယောက်ကို နေ့စားခ ၇,၀၀၀ ကျပ်ပေးရတာကြောင့် အခုပေါက်ဈေးနဲ့ဆို တွက်ခြေမကိုက်တာလည်းဖြစ်ပါတယ်။

spot_img
spot_img