spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဌာနေတိုင်းရင်းသားစာပေ နှီးနှောဖလှယ်ပွဲ တားဆီးပိတ်ပင်ခြင်းသည် ဥပဒေချိုးဖောက်ရာရောက်ဟု KNPP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဌာနေတိုင်းရင်းသားတို့၏ စာပေနှီးနှောဖလှယ်ပွဲကို ပြည်နယ်အစိုးရမှ တားဆီးပိတ်ပင်ခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါသည်။

“တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာ ဒီအစိုးရလက်ထက်မှာ ထုတ်ပြန်ပြဌာန်းခဲ့တဲ့ ဥပဒေ။ ဒီဥပဒေထဲမှာပါတဲ့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိတဲ့ ကိစ္စကို အစိုးရက တားတယ်ဆိုတာ လုံးဝအဓိပ္ပါယ်မရှိဘူး။ သူတို့ပြဌာန်းထားတဲ့ ဥပဒေ သူတို့ ကိုယ်တိုင် ပြန်ချိုးဖောက်ရာရောက်တယ် အဲ့ကြောင့်မို့။ ဒါကြောင့် နားမလည်ဘူးလားဆိုတဲ့ သဘောမျိုးနဲ့ ပြည်နယ်အစိုးရက မသိဘူးလားဆိုတဲ့ သဘောမျိုးနဲ့ လက်ခံနိုင်စရာလည်းမရှိဘူး။” ဟု ဦးရွှေမျိုးသန့်ကပြောပါသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကယားပြည်နယ် တိုင်းရင်းသားရေးရာလူမျိုးရေးဝန်ကြီးဌာန ၊ တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးရုံး ကျင်းပပြုလုပ်ရန် သက်ဆိုင်ရာ တိုင်းရင်းသားစာပေအဖွဲ့များက စီစဉ်ကျင်းပခဲ့ကြရာ ပြည်နယ်အစိုးရက ရွှေ့ဆိုင်းခိုင်းခဲ့သည့်အတွက် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်နယ်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါသည့် အခန်း(၈) ပုဒ်မ၃၆၅အရ နိုင်ငံသားတစ်ဦးချင်း၏ လွတ်လပ်ခွင့်နှင့် ၂၀၁၅တွင် ထုတ်ပြန်လိုက်သည့် တိုင်းရင်းသားလူမျိုးများနှင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားလူမျိုးများစာပေ၊ ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ခွင့်ကို ချိုးဖောက်ရာရောက်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါသည်။

ဌာနေတိုင်းရင်းသားတို့၏ စာပေနှီးနှောဖလှယ်ပွဲကို ပြည်နယ်အစိုးရမှ တားဆီးပိတ်ပင်ခဲ့ခြင်းသည် မဖြစ်သင့်ကြောင်း လွိုင်ကော်မြို့နယ် ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ ဦးသိန်းမိုက ပြောပါသည်။

“ကျတော်တို့ တိုင်းရင်းသားစာပေရဲ့ဟောပြောပွဲမှာ ကျတော့်တစ်ယောက်အနေနဲ့ လုံးဝမပိတ်သင့်ဘူးပေါ့နော။ ပိတ်ပင်တယ်ဆိုတာတော့ မဖြစ်သင့်မဖြစ်ထိုက်ဘူးပေါ့နော။ စာတင်တာပဲနောက်ကျလို့လား မဟုတ်ရင်လည်း နည်းနည်းကပ်ပြီးတင်လို့လား လုပ်မယ့်ရက်နဲ့၊ ဖြစ်ကောင်းဖြစ်မှာပေါ့နော။ ဒါပေမယ့် ကျတော်အနေနဲ့တော့ စာဆက်တင်ပြီးမှ ဘယ်လိုအကြောင်းပြန်မလဲပေါ့နော။” ဟု ဦးသိန်းမိုက ပြောပါသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ပြည်နယ်အစိုးရက ၎င်းစာပေနှီးနှောဖလှယ်ပွဲ ရွှေ့ဆိုင်းသွားရန်နှင့် နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာ စီမံချက်အသေးစိတ်ကို ပြန်လည်တင်ပြရန် ဟုဆိုကာ အသိပေးလာသည့်အတွက် ဆွေးနွေးပွဲ မပြုလုပ်ခဲ့ရကြောင်း သိရသည်။

ပြည်နယ်အစိုးရမှ ထိုကဲ့သို့ ခွင့်ပြုမိန့်များအဆင့်ဆင့်တင်ပြခိုင်းခြင်းသည် သက်ဆိုင်ရာ တိုင်းရင်းသား ယဉ်ကျေးမှုကော်မတီများအတွက် လုပ်ကိုင်ခွင့်ဆုံရှုံးနေကြရကြောင်း၊ ဥပဒေအရ မည်သည့်ခွင့်ပြုစာမျှ တင်စရာအကြောင်းမရှိကြောင်း ဦးရွှေမျိုးသန့်က ဆက်လက်ထောက်ပြပြောဆိုသွားပါသည်။

“ဒီအခွင့်အရေးတွေက ကိုယ်က တောင်းမှရမယ့်အခွင့်အရေးတွေမဟုတ်ဘူး။ မွေးရာပါအခွင့်အရေးဖြစ်တယ် မွေးရာပါအခွင့်အရေးကို ဆုံးရှုံးရာရောက်တယ်။” ဟု ၎င်းက ပြောပါသည်။

ယခုကဲ့သို့သော ဌာနေတိုင်းရင်းသားများ၏ စာပေနှီးနှောဖလှယ်ပွဲကို ပြုလုပ်ရန် ပြည်နယ်အစိုးရမှ တားမြစ်ထားသည့်အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP)အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာချက် တစ်စောင်ကြေငြာခဲ့ပါသည်။

ယခုလို တားဆီးပိတ်ပင်မှု ပြုလုပ်နေခြင်းဟာ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များမှ ပုဒ်မ ၄ (က) ပါ မိမိတို့၏ စကား၊စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ သာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဌာန်းထားသည့် ဥပဒေကိုလည်းကောင်း ပြည်နယ်အစိုးရ ကိုယ် က ချိုးဖောက်ရာ ရောက်နေကြောင်း ၎င်းတို့က ဝေဖန်သုံးသပ်ထားသည်။

“ပြည်နယ်အစိုးရ၏ လုပ်ရပ်သည် အပိုဒ် (၂) ပါ တိုင်းရင်းသား လူမျိုးများအတွက် နိုင်ငံတော်က ပြဌာန်းထားသည့် အမြင့်ဆုံးသော ဥပဒေ ၂ ရပ်ကို ချိုးဖောက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကာလတွင် တိုင်းရင်းသားများ မွေးရာပါ အခွင့်အရေးများကို မျက်ကွယ်ပြုခြင်းအပြင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည့် ဒီမိုကရေစီ အစိုးရဟု အများက အသိအမှတ်ပြုထားသည့် NLD ပါတီအစိုးရ၏ တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါ အခွင့်အရေးများအပေါ် တားမြစ်ပိတ်ပင်သော လုပ်ရပ်များသည် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်အပေါ် ယုံကြည်မှု ကျဆင်းစေသည့်အတွက် ပြည်နယ်အစိုးရနှင့် ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး၏ ကယားပြည်နယ် ဌာနေတိုင်းရင်းသားတို့၏ စာပေနှီးနှောဖလှယ်ပွဲကို တားဆီးပိတ်ပင်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အသိပေးအပ်ပါသည်” ဟု KNPP ထုတ်ပြန်ကြေညာချက်၏ နောက်ဆုံးအပိုဒ်တွင် ဖော်ပြရေးသားထားသည်။

၎င်းကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်နယ်အတွင်းရှိ အရပ်ဖက် လူမှု အသင်းအဖွဲ့များက ရှုံ့ချကြောင်း ဝေဖန်နေကြသည်။

spot_img
spot_img

Recent posts