spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

တနီးလာလဲ ကျေးရွာရဲ့ လာတုံခူ ခေါ် ရိုးရာကြက်ရိုးထိုး ပူဇော်ပွဲ

Author

Date

Category

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့ အရှေ့ဘက် တနီးလာလဲကျေးရွာမှာ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကယားရိုးရာ (လာတုံခူ) နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့တဲ့နေရာဟာ တနီးလာလဲကျေးရွာဆိုတဲ့အမည် စတင်ပေါ်ပေါက်လာခဲ့တဲ့နေရာ ဖြစ်ပြီး ဒီဇင်ဘာလ ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် ကြက်ဖြူတစ်ကောင်နဲ့ လာရောက်ပူဇော်ကြတာ ဖြစ်ပါတယ်။

အဆိုပါ ပူဇော်ပွဲဟာ တစ်ရွာလုံးရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ကြက်ရိုးထိုးပူဇော်ကြတာဖြစ်ပါတယ်။ သို့ပေမယ့်နိုင်ငံရေး မတည်ငြိမ်မူကြောင့် ရပ်ရွာတွေထဲမှာ လူတွေ နေထိုင်မရတော့တာတွေကြောင့် ကြက်ရိုးရဲ့ အဖြေဟာ အင်မတန် ဆိုးရွားမှုကို ဖော်ပြပေးတယ်လို့ ကေးထိုးဘိုးဗျာဆယ်တစ်ဦးဖြစ်တဲ့ ဦးနဲရယ်က ပြောပါတယ်။

“ကျနော်တို့ ကြက်ရိုးထိုးတာကတော့ ကျနော်တို့ ရပ်ရွာအေးချမ်းဖို့ တည်ငြိမ်ဖို့၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရေစောင့်နတ်တို့ပေါ့။ ကျနော်တို့ကို ကူညီဖေးမဖို့ ဆိုပြီးတော့ ကြက်ရိုးကို ထိုးတယ်။ ကြက်ရိုးရဲ့ အဖြေကတော့ တိုင်းပြည်ကလည်း ဒီလိုဖြစ်လာပြီဆိုတော့လေ ကြက်ရိုးကတော့ ကျနော်တို့ မျက်နာကို မကြည့်တော့ဘူး(ကြက်ရိုးထိုးတာမအောင်မြင်) ပြောရမှာပေါ့။ တိုက်ပြည်မတည်ငြိမ်မှုနောက်ကို လိုက်တယ်ပြောရမှာပေါ့။ ခုလည်း ကျနော်တို့ ရပ်ထဲ ရွာထဲလူတွေလည်း အိမ်တွေမှာ မနေရဲကြတော့ဘူးဆိုတော့ အဲဒီအတိုင်း ကြက်ရိုးက လိုက်တာပေါ့။ အခု ကြက်ရိုးထိုးထားတဲ့ အဖြေက မကောင်းတော့ ကျနော်တို့ မျက်နာကိုမကြည့်တော့ စိတ်တော့မကောင်းဘူး။ ဝမ်းနည်းတယ်။” လို့ ကေးထိုးဘိုးဗျာဆယ် တစ်ဦးဖြစ်တဲ့ ဦးနဲရယ်က ပြောပါတယ်။

ကြက်ရိုးထိုးတာဟာ အရင်ဘိုးဘွားလက်ထက်ကတည်းက အစဥ်အလာအရ လုပ်လာခဲ့တဲ့ ရိုးရာဓလေ့ ဖြစ်တဲ့ အဲ့ဒီရိုးရာကို မပျောက်ပျက်အောင် ရေရှည်တည့်တံခိုင်မြဲအောင် နောက်မျိူးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းနိုင်အောင်ဆိုပြီး ပြုလုပ်ရခြင်းလည်း ဖြစ်တယ်လို့ ကျေးရွာတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးတီရယ် ကပြောပါတယ်။

“ကျနော်တို့ အမြင်နဲ့ပေါ့နော်။ ကျနော်တို့ ဘိုးဘွား ဘေဘီ လုပ်လာခဲ့တဲ့ ဒီရိုးရာဓလေ့အမွေအနစ်လေးကို ကျနော်တို့ ဆက်ပြီးတော့ မထိန်းသိမ်းဘူးဆိုရင် နောက်လာမယ့် ကျနော်တို့ ဒီလူမျိူးတွေလည်း ပပျောက်နိင်တယ်ဆိုပြီးတော့ အတွေးအခေါလေးပေါ့နော်။ အဲတာ လူ့မျိုးဆက်သစ် အနာဂတ်လူငယ်လေးတွေ သူတို့ ရေရှည်သူတို့ဒီဟာလေးကို ဆက်ကာကွယ်ထိန်းသိမ်းစောက်ရှောက်နိင်အောင်ဆို့ပြီးတော့ ကျနော်တို့ ပြုလုပ်ရခြင်း ဖြစ်တယ်”လို့ ကျေးရွာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးတီရယ်က ပြောပါတယ်။

အဆိုပါပွဲကို တစ်နှစ်လျှင်တစ်ကြိမ် အသီးအနှံ ရိတ်သိမ်းပြီးတဲ့ နတ်တော်လဆန်းမှာသာ ပုံမှန် ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ အခုလို ရွာအတွက် ရည်စူးပြီး ကြက်ရိုးထိုးခဲ့ပေမယ့် မအောင်မြင်တာ(၂)နှစ်ရှိပြီလို့ သူကဆက်ပြောပါတယ်။
ကြက်ရိုးမအောင်တာကြောင့် သူတို့ရွာထဲကို ပုံမှန်ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်ဖို့က မဖြစ်နိင်သေးဘူးလို့ ယုံကြည်ကြပါတယ်။ ယခုအချိန်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညအချိန်တွင် တစ်ရွာလုံးနီးပါး တောထဲတောင်ထဲတွင်မှာသာ သွားရောက်အိပ်ကြရပါတယ်။

spot_img
spot_img

Recent posts