spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တနေ့ထက်တနေ့ လူ့အခွင့်အရေးဆုံးရှုံးလာရတဲ့ ကရင်နီလူထုဘဝ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်မဲ့ ပြည်သူအရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာနေမှုကို ပြည်သူတွေ ဆက်တိုက် ပိုခံစားလာနေရတဲ့အကြောင်းကို “ကမ္ဘာကြီး သိပါစေ” ဆိုတဲ့ အစီရင်ခံစာနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာ၊ပိုင်ဆိုင်မှု ဖျက်ဆီးခံရတာတွေ ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စိတ်ထင်တိုင်း ရမ်းသမ်းပစ်ခတ်တာတွေ၊ အတင်းအကြပ်ရွှေ့ပြောင်းခံရတာတွေနဲ့ ဖမ်းဆီး နှိပ်စက်ခံရတာတွေက စစ်အာဏာရှင်တွေအသုံးပြုနေကျ နည်းလမ်းတွေပဲ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၂ ပတ်အတွင်းမှာပဲ စစ်ဘေးရှောင်တွေ နေတဲ့နေရာ၊ တိုက်ပွဲမဖြစ်တဲ့ နေရာဒေသ ၄ နေရာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ အိုးအိမ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွန်ကြားရေးမှူး ကိုဗညားက “ပြည်သူလူထုနေတဲ့ အရပ်တွေစခန်းတွေကို ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီကနေ လက်နက်ကြီးဖြစ်စေ၊ လေယာဉ်ဖြစ်စေ၊ ဒရုန်းကိုအခြေခံပြီးတော့ ဖြစ်စေ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ အဲတော့ ဒီဖေဖော်ဝါရီလထဲမှာတောင်မှ ၆ ကြိမ်ဆက်တိုက်ဖြစ်သွားပြီ။ တစ်ရက်ခြားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု လုပ်ရပ်ကို လူထုတွေရှိတဲ့အရပ်ကို လုပ်တယ်။ အဲဒါကို ဘက် နှစ်ဘက်က လူထုကို ကာကွယ်ရမယ်ဆိုတာ သိလျက်သားနဲ့ လူထုတွေရှိတဲ့ရွာကို ပစ်ခတ်တယ်။” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာကိုပဲ ပထမဆုံးပစ်ခတ်တဲ့နေရာက ဒီးမော့ဆိုမြို့နယ် စစ်ဘေးရှောင်တွေနေတဲ့ နောင်ပုလဲကျေးရွာအုပ်စုဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ လက်နက်ကြီး ပစ်ခတ်လာတာခံရလို့ ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရှိခဲ့တာပါ။

ဒုတိယနေရာက ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာလည်း လက်နက်ကြီး ၄ လုံးပစ်ခတ်တာခံခဲ့ရလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးထပ်ရှောင်ခဲ့ကြရပါတယ်။

တတိယနေရာကတော့ ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်အစော ၃ နာရီကျော်လောက်မှ လက်နက်ကြီး ၅ ချက်ပစ်ခတ်တာခံခဲ့ရလို့ ပြည်သူ တစ်ဦးနဲ့ ဘုရားကျောင်း တစ်ကျောင်း ပျက်စီးသွားတာလည်းရှိခဲ့ပါတယ်။

မီးရှို့ခံရတဲ့အိုးအိမ်များတချို့

စတုတ္ထနေရာကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာက ပြည်သူတွေ နာရေးပြုလုပ်နေချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ လာရောက်ထောက်လှန်းပြီး လက်နက်ကြီးတွေ ပစ်ခတ်လိုက်တာပါ။ လူသူအထိအခိုက်မရှိခဲ့ပေမယ့် နေအိမ် ၃ လုံး ပစ္စည်းဆုံးရှုံးသွားရပါတယ်။


“ရည်ရွယ်ချက်ရှိရှိပစ်တယ်လို့ပဲ ကျနော်တို့က ဒီလို မှတ်ယူတယ်ပေါ့နော။ တိုက်ပွဲဖြစ်လို့ ပစ်တယ်ဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိပစ်တယ်လို့ ပြောလို့မရဘူး။ အခုက တိုက်ပွဲလည်း မဖြစ်ဘူးဆိုတော့ ပြည်သူတွေရှိတဲ့နေရာ စစ်ဘေးရှောင်ရှိတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိပစ်တယ်လို့ပဲ ကျနော် ဒီလိုပဲ မှတ်ယူတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဒီအတောအတွင်းမှာပဲ ပြည်သူနေအိမ် ၅ လုံးကိုလည်း တမင်သက်သက် မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ၊ အောင်ချမ်းသာကျေးရွာမှာ စစ်ကောင်စီက နေအိမ် ၃ လုံး၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လွိုင်ကော်မြို့ နယ် ပဒါးညေကျေးရွာမှာ ၂ လုံးကိုမီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတော့ လွိုင်ကော်မြို့နယ် စံပြသုံးမိုင် ပကြဲကျေးရွာအနီးမှာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေအိမ်တွေမီးရှို့ခဲ့သလို အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြန်ပါတယ်။
ဒါကြောင့် ၂၀၂၂ ရဲ့ ပထမဆုံးတစ်လအတွင်းမှာတင် အရပ်သားသေဆုံး သူ ၃၃ ဦးထိနေခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။

” သတ်ဖြတ်မှုတွေမှာ ဖမ်းဆီးနှိပ်စက်ပြီးသတ်ဖြတ်မှုက ပိုပြီးတော့မှ ရာခိုင်နှုန်းမြင့်တက်လာတယ်။ အဲဒါက အရမ်းကို စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အကြောင်းမဲ့ဖြစ်စေ မည်သည့်အချိန်ဖြစ်စေ ညှင်းပမ်းနိုပ်စက်ခြင်းကို လုံးဝ ကင်းလွှတ်ရမယ်။ ဒါကလုံးဝကင်းလွှတ်ရမယ့် အခြေခံလူ့အခွင့်အရေးဖြစ်တယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွန်ကြားရေးမှူး ကိုဗညားကပြောပါတယ်။

ဒါ့အပြင်ဇန်နဝါရီလ အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေးကြောင်းအသုံးပြုတိုက်ခိုက်မှုက ၃၅ ကြိမ်ထိရှိနေခဲ့ပြီး၊ မီးရှို့ဖျက်ဆီးမှု ၅ ကြိမ် ၊ နေအိမ်၊စပါးကျီပျက်စီးမှု ၃၆ လုံးကျော်ရှိတယ်လို့ Karenni’s Voice က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းစစ်မှာ အရပ်သားအဆောက်အဦးနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အဦးတွေ လေကြောင်းကနေ တိုက်ခိုက်မှုက နိုင်ငံတကာလူသားချင်းစာနာတဲ့ ဥပဒေကို ချိုးဖောက်နေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို ပံ့ပိုးနေတဲ့ တရုတ်၊ ရုရှားစတဲ့နိုင်ငံတွေကလည်း ရာဇဝတ်မှုမှာ ပါဝင်ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က “ကမ္ဘာသိပါစေ”ဆိုတဲ့ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို သာပစ်မှတ်ထားနေတာမဟုတ်ပါဘူး။ စစ်‌ရှောင်စခန်းတွေအထိကိုပါပစ်မှတ်ထားပြီး တိုက်ခိုက်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ လယ်ပိုင်းလောက်က ဖရူဆိုမြို့နယ် ရီခီးဘူး စစ်ရှောင်စခန်းနဲ့၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံစစ်ရှောင် စခန်းကို တိုက်လေယဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်ခံရလို့ ကလေးငယ် ဦးနဲ့ အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ရပါတယ်။

အခုလို အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၈၈ ရွာ ၊ ဖရူဆိုမြို့နယ်အတွင်း ၄၅ ရွာ ၊ လွိုင်ကော်မြို့နယ်အတွင်း ၂၃ ရွာ၊ ရှားတောမြို့နယ်အတွင်း ၁၃ ရွာ၊ မယ်စဲ့မြို့နယ်အတွင်း ၂ရွာ ၊ ဖားဆောင်းမြို့နယ်အတွင်း ၁ ရွာ၊ ဖယ်ခုံ(ရှမ်း-ကယားနယ်စပ် တလျှောက် ၄၆ ရွာ) ကရွာသားတွေ ထွက်ပြေးပြောင်းရွှေ့သွားကြရတယ်လို့ “ကမ္ဘာကြီး သိပါစေ”..အစီရင်ခံစာမှာ ပါရှိပါတယ်။

အခုလို စစ်ဘေးဒဏ်ကြောင့် ကရင်နီပြည်ရဲ့လူဦးရေ ၁၂၀၀၀၀ လောက်ဟာ တောတောင်တွေမှာ ပုန်းရှောင်နေရပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းကို ၃၀၀၀၀ ဝန်းကျင်နဲ့ အခြားပြည်နယ်နဲ့တိုင်းတွေမှာ စစ်ရှောင်သွားတဲ့ လူဦးရေက ၂၀၀၀၀ ဝန်းကျင်ရှိနေ တယ်လို့ ဆိုပါတယ်။

ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်ကထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်အာဏာသိမ်း တစ်နှစ်တာကာလ အတွင်း ကယားပြည်နယ်မှာ အရပ်သား သေဆုံးသူ ၂၁၂ ဦး ရှိပြီး ၊၂၆၈ ဦး အဖမ်းခံထားရပါတယ်။ ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအဆောက်အအုံ ၄၉၂ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားတာပါ။

၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး စစ်ကောင်စီတပ်က ကရင်နီပြည်နယ်မှာ ကျူးလွန်တဲ့ လူ့အခွင့်အရေး အခြေအနေက တခြားပြည်နယ်နဲ့တိုင်းဒေသနဲ့ နှိုင်းစာရင် ပိုမိုဆိုးရွားတဲ့ အခြေအနေမှာရှိနေပါတယ်။

spot_img
spot_img

Recent posts