spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တပ်မတော်အားတာဝန်ပေးမည့် ကယားဝန်ကြီးချုပ်၏စကား အခြေခံဥပဒေနှင့် မညီဟု တပ်မတော်သတင်းထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေး ကိစ္စအပေါ် ကယားပြည်နယ်ဝန်ကြီးချုပ်မှ နားလည်မှုလွဲပြီး ၎င်းက တပ်မတော်ကို တာဝန်ပေးအပ်မည်ဆိုသော စကားသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

လူထုအကြား ဝေဖန်မှုများနေသည့် ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ကို တပ်မတော်က တန်ပြန်သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၁၆ က တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ  စကားကို ပြောကြားခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူများက သတင်းဌာနများကို တရားဝင်ပြောကြားထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိရေးကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ကလလတ)၊ ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ၊ ကယန်းအမျိုးသားပါတီနှင့် Lain နည်းပညာအထောက်အကူပြုအဖွဲ့တို့ ဇူလိုင်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေး၌ ကယားပြည်နယ်ဝန်ကြီးချုပ်က“ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ မငြိမ်သက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာတာဝန်အပြည့်အဝရှိနေတယ်။ သူကတော့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီမှာလိုအပ်တဲ့ လမ်းညွှန်မှုတွေပေးသွား မှာဖြစ်ပါတယ်။ တကယ်လို့ပြောတဲ့ ကြားထဲမှာဖြစ်လာခဲ့ရင် ကျွန်တော်တို ့ ရဲတပ်ဖွဲ့အင်အားက အနည်းလေးပဲ။ အဲ့တော့ တပ်ကိုလိုလို့ရှိရင် သူကိုထိန်းခိုင်းဖို့အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့်ရဲ့ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်။”ဟု ပြောကြားခဲ့သော စကားသည် ပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်အာဏာမဟုတ်ကြောင်း တပ်မတော်က ဆိုသည်။

တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ၊ပုဒ်မ -၂ဝ ၊ ပုဒ်မခွဲ(င)ပါအတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ အရေးပေါ် အခြေနေနှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊အခန်း(၁၁) ၊ပုဒ်မ – ၄၁၀၊ ၄၁၂ နှင့် ၄၁၃ တို့တွင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို အတိအလင်းပြဋ္ဌာန်းပြီးဖြစ်သည်ဟု ယနေ့ညနေပိုင်း ၈ နာရီက ထွက်ပေါ်လာသော အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပြဋ္ဌာန်းချက်များအရ အရေးပေါ်အခြေအနေအတွက် အဓိကလုပ်ပိုင်ခွင့်အာဏာသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ သာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားခြင်းမရှိကြောင်းဆိုသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ၎င်း၏ ထင်မြင် ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တပ်မတော်၏ လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်ကမူ ဗိုလ်ချုပ်ကြေးရုပ်အကြောင်းပြ ဆူပူမှုများ ဆိုးရွားလာလျှင် ရဲတပ်ဖွဲ့အင်အား မလုံလောက်ပါက တပ်မတော်ကို တာဝန်ပေးအပ်သွားရန် ၎င်းက လုပ်ပိုင်ခွင့်ရှိသည်ဟု 7 Dayသတင်းဌာနကို ဇူလိုင် ၂၁ ရက်နေ့က ပြောကြားထားသည်။

ထို့အပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မြင်းစီးကြေးရုပ်အား ပြည်နယ်အတွင်း ပထမဦးဆုံး ထားရှိဆောင်ရွက်နိုင်ရေးအတွက် ဖော်ဆောင်ခဲ့မှုနှင့်ပတ်သက်ပြီး ယနေ့ ဇူလိုင် ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ကျင်ပသော သတင်းစာရှင်းလင်းပွဲတွင် တပ်အားတာဝန်ပေးရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးမှတဆင့် ညွှန်ကြားမည်သဘောသာ ဖြစ်သည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်က သွယ်ဝိုက်ဖြေကြားထားသည်။

ဝန်ကြီးချုပ်၏ ပြောကြားမှုကို လွိုင်ကော်အခြေစိုက် ကယားပြည်နယ်ကျောင်းသားများသမဂ္ဂက ယင်းပြောဆိုမှုသည် ပြည်သူအားခြိမ်းခြောက်ခြင်းဖြစ်ပြီး ပြန်လည်တောင်းပန်ရန်နှင့် ဝန်ကြီးချုပ်တာဝန်မှ နုတ်ထွက်ရန် ဇူလိုက် ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားသည်။

သို့သော် ဝန်ကြီးချုပ်က ကန့် ကွက်လှုပ်ရှားမှုများ ထပ်မံဖြစ် ပေါ်လာလျှင် စစ်တပ်ကိုအာဏာ လွှဲကာ ကိုင်တွယ်ခိုင်းမည်ဟူ၍ ပြောဆိုခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။

အငြင်းပွားဖွယ် အဆိုပါပြောစကားကို ဝန်ကြီးချုပ်ပြောကြားခြင်းရှိမရှိကို ယင်းနေ့အခမ်းအနားတွင် ရှိနေခဲ့သည့် ပြည်နယ်ဝန်ကြီးများအား သတင်းထောက်များက  ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်မေးမြန်းကြသော်လည်း ဖြေကြားခဲ့ခြင်းမရှိဘဲ အဆိုပါ စကားသည် ဝန်ကြီးချုပ်တစ်ဦးတည်းသာ ဖြေကြားရန် ညွန်ကြားထားကြောင်း ကယားပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ဖြေသည်။

ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ပြကာရွေးကောက်ပွဲ အနိုင်ရအောင်ကြိုးစားနေသည် ဆိုသည့် စွပ်စွဲချက်များအားလည်း ဝန်ကြီးချုပ်က “ရွေးကောက်ပွဲအတွက် ကျွန်တော်အလုပ်လုပ်နေတာ မဟုတ်ဘူး” ဟု ငြင်းဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်အကြောင်းပြ ဆူပူမှုများ ဖြစ်လာခဲ့ပါက “အကယ်၍ ဖြစ်လာခဲ့ရင်လည်း လုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ် တာဝန်ပေးထားတဲ့နေရာမှာလည်းပြဌာန်းထားတဲ့ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညိတာဝန်ပေးအပ်သွား မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ရှင်းလင်းသည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထား ရှိရေးအတွက် ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့သတင်စာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

spot_img
spot_img

Recent posts