spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

တပ်သိမ်းမြေမှ အသုံးမပြုသည့်မြေများ ပြန်စွန့်ပေးရန် ဒေသခံများ တောင်းဆို

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်း/တောင် ဖယ်ခုံမြို့တွင် မြန်မာ့တပ်မတော်မှ သိမ်းဆည်းထားသည့် မြေဧက(၄၀၀၀) အနက် တပ်မှအသုံးမပြုသည့် ဒေသခံ တောင်ယာမြေ (၁၆၀၀) ဧကကို ပြန်လည်စွန့်လွှတ်ပေးရန် ဒေသခံတောင်သူ များက တောင်းဆိုကြသည်။ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဖယ်ခုံမြို့၊ ညောင်ကုန်း(၅)ရပ်ကွက်၊ ခေါင်းအိဆွေမျိုးစု ရိုးရာတံခွန်တိုင်ခန်းမဆောင်၌ ကျင်းပခဲ့သည့် မြေယာကဏ္ဍနှီးနှောဖလှယ်ပွဲမှ ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုတောင်းဆိုမှုအပေါ် ဖယ်ခုံတောင်သူလယ်သမားကွန်ရက်အဖွဲ့ ဥက္ကဌ ခွန်းအန်းဂျေလိုက “တပ်ဧရိယာက ဖယ်ခုံမြို့ ဧရိယာထက်အများကြီး ကျယ်ပြန့်တယ်။ တပ်သိမ်းထားတဲ့ ယာမြေတွေထဲမှာ သူတို့ အမှန်တကယ်
အသုံးပြုမယ်ဆို ကျွန်တော်တို့ ပြောစရာအကြောင်းမရှိဘူး။ ခုလက်ရှိအခြေအနေက တပ်သိမ်းထားတဲ့မြေက သီးစားတွေ ပြန်ချထားတယ်။” ဟု ပြောသည်။

မြေယာပြန်လည် ရရှိရေးအတွက် ဥပဒေလမ်းကြောင်းအတိုင်း လွှတ်တော်အမတ်များနှင့် ကယန်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးမှ တစ်ဆင့် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ပြီး ထူးခြားမှုတစ်စုံတစ်ရာမရှိပါက
အခြားတောင်းဆိုသည့် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။

လက်ရှိ ဒေသခံများ၏ တောင်ယာသွားလမ်းအချို့ကိုလည်း တပ်မတော်မှ ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံများ သွားလာရေးအခက်တွေ့နေကြသည်ဟု ဆိုသည်။

“တပ်လည်း သူတို့ တောင်သူလယ်သမားအပေါ်မှာ၊ ဆွေမျိုးစုရဲ့အပေါ်မှာ ငှဲ့ညာမယ်ဆိုရင်တော့ သူတို့ လိုအပ်တဲ့ဟာပဲ သူတို့ယူပြီးတော့မှ ကျန်တဲ့ဟာကျတော့ သူတို့စွန့်ဖို့ သင့်တယ်။”ဟု မြေယာသိမ်းဆည်း ခံရသည့် ခေါင်းအိဆွေမျိုးစု၏ ကိုယ်စားလှယ် ဦးမောင်မက ပြောသည်။

အကယ်၍ တပ်မှ မြေများကို ပြန်လည်စွန့်လွတ်ပါက မူလဒေသခံတောင်သူနှင့် ဖယ်ခုံမြို့ပေါ်မှ နေထိုင်စရာခက်ခဲနေသည့် ဆင်းရဲနွမ်းပါးသူများအတွက် ပြန်လည် စီမံခန့်ခွဲပေးသွားမည်ဟု ၎င်းက ဆိုသည်။

ကယန်းဒေသတွင် ကယန်းဆွေမျိုးစုအလိုက် ပိုင်ဆိုင်သည့်မြေများကို အပြန်အလှန်အသိအမှတ်ပြု လေးစားကြပြီး မြေယာပြဿနာများပေါ်ပေါက်ပါက ဓလေ့ထုံးတမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက် ကြခြင်းဖြစ်သည်။

ယခုတပ်မတော်မှ သိမ်းဆည်းထားသည့် ဖယ်ခုံမြို့ရှိ မြေဧက (၄၀၀၀) ခန့်သည် ကယန်းဆွေမျိုးစု တစ်ခုဖြစ်သည့် ခေါင်းအိဆွေမျိုးစုပိုင်မြေ ဖြစ်ခြင်းကြောင့် ၎င်းဆွေမျိုးစုမှ စီမံခန့်ခွဲခွင့်ရှိသည့်
မြေများဖြစ်သည်။

၎င်းတပ်သိမ်းမြေများ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ ဗဟိုကော်မတီ ခွန်းထက်စိုးက “ လက်ရှိ ဖယ်ခုံမြို့ရဲ့ တစ်ကြောလုံးက တပ်ရဲ့ နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ အပေါ်မှာ၊ ခြံစည်းရိုးခတ်ထားတဲ့အပေါ်မှာ တောင်သူလယ်သမားတွေအတွက်
သွားလာရေးအရမ်းခက်ခဲတာကို ကျွန်တော်တို့တွေ့ရတယ်။ သက်ဆိုင်ရာ တပ်ရင်းအနေနဲ့ ဖြေလျှော့မှုတွေ၊ တောင်သူနဲ့ ညှိနှိုုင်းမှုတွေ လုပ်စေချင်ပါတယ်”  ဟု ပြောသည်။

၎င်းဒေသခံများ၏ တောင်ယာမြေများကို ခမရ ၃၃၆ တပ်၊ ခမရ ၄၂၁တပ် ၊ စကခ(၇)တပ်နှင့် အမြောက်တပ်တို့မှ သိမ်းဆည်းထားခြင်းဖြစ်သည်။

၁၉၇ဝ ခုနှစ်ဝန်းကျင်တွင် မိုးဗြဲဆည်တည်ဆောက်ခဲ့ခြင်းကြောင့် ဖယ်ခုံမြို့ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေဧကပေါင်းများစွာ ရေအောက်နှစ်မြှုပ်ခဲ့ရပြီး ၁၉၉၀-၉၁ ခုနှစ်ဝန်းကျင်တွင် မြန်မာ့တပ်မတော်မှ
တောင်ယာမြေများကို ထပ်မံသိမ်းယူခဲ့သဖြင့် ဒေသခံများ လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံတွေ့နေ ကြခြင်းဖြစ်သည်။

spot_img
spot_img

Recent posts