spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

“တပ်မ ၆၆ ဟာ ကရင်နီမြေမှာ တပ်ပျက်နေပြီ” ဆိုတဲ့ အပေါ်မှာ ကရင်နီပြည်အစိုးရ ကာကွယ်ရေးဒုဝန်ကြီးနဲ့ တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“တပ်မ၆၆ကဖွဲ့စည်းပုံပျက်နေပြီဆိုတာကတော့ မှန်ပါတယ်။ ဒါကတော့ လူတိုင်းသိနေတဲ့ကိစ္စပါပဲ။ ဒီကရင်နီပြည်ထဲမှာမှမဟုတ်ဘူး ကျန်တဲ့သတင်းမီဒီယာတွေ နောက်တစ်နိုင်ငံလုံးကလည်းသိနေတာပေါ့။ ကျဆုံးတအားများတယ်ဆိုတာ လူတိုင်းကသိနေပါတယ်။”

၂၀၂၁ခုနှစ် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက် ကရင်နီပြည်တွင်းမှာ ဆန္ဒထုတ်ဖော်မှုနဲ့အတူ လက်နက်ကိုင်ခုခံတော်လှန်ရေးလမ်းစဉ်ပေါ်ပေါက်လာခဲ့ပါတယ်။ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေ စုဖွဲ့ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာ တစ်နှစ်ကျော်ကြာမြှင့်နေပြီဖြစ်ပါတယ်။ ကရင်နီပြည်တွင်းက ဒေသခံတပ်ရင်းတွေအပြင် ပဲခူးတိုင်းဒေသကြီး အမ်းမြို့မှာ အခြေစိုက်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းနဲ့ ဒေသကာကွယ်ရေးတပ်တို့အကြား ဖရူဆိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဦးဆောင်တဲ့ တပ်ရင်းမှူးကျဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ တပ်ရင်းမှူးရာထူးက အနားတောင်းတာ၊ တပ်သားအကျအဆုံးများတာ၊ CDM ပြုလုပ်တာ စတာတွေကြောင့် တပ်မ(၆၆)ဖွဲ့စည်းပုံပျက်စီးနေပြီလို့ ဆိုပါတယ်။ ကရင်နီပြည်တွင်းက တပ်မ (၆၆)အခြေအနေနဲ့ လက်ရှိပြည်တွင်းအခြေအနေကို ကရင်နီတပ်မတော်၊ ကရင်နီပြည်အစိုးရ ကာကွယ်ရေးဒု-ဝန်ကြီး ခူဒယ်နီယာနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ ကရင်နီပြည်တွင်းက တိုက်ပွဲတွေမှာ တပ်မ (၆၆)ပါဝင်မှုနဲ့ လက်ရှိအနေအထားလေး ဘယ်လိုသိထားတာရှိလဲ။

ဖြေ။     ။ တပ်မ၆၆က သူစအာဏာသိမ်းပြီး သူစလာကတည်းက သူဖွဲ့စည်းပုံအပြည့်နဲ့လာတယ်။ ပထမလာတာကတော့ တပ်ရင်း၄ရင်း ပြီးနောက်ထပ်ပို့ပို့တော့ ၁၀ရင်းပြည့်သွားပြီအခုတော့။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် အရင်တုန်းကဆို ၂၀၀၀လောက်ရှိတာပေါ့နော။ ဒီစစ်စဖြစ်တုန်းက အင်အားတော်တော်များများ ပါလာတယ်။ အခုက ၇၀၀၊ ၈၀၀လောက်တော့ကျသွားပြီ။ သူတို့ဘယ်လိုဖြစ်ဖြစ် ဒီ၁၀၀၀နီးပါးလောက် ကျသွားပြီဆိုရင် ဖွဲ့စည်းပုံကတော့ ဘယ်လိုဖြစ်ဖြစ် မပြည့်ဝတော့ဘူး။ ဗိုလ်မှူးတွေအထိ ကျတယ်လေ။ ဥပမာ တပ်ရင်းမှူးတွေကျတာရှိတယ်။  နောက်တပ်ခွဲမှူးတွေ အဆင့်ဆင့်ပေါ့။ အရာရှိတွေက ကျတာရှိတော့ စစ်တပ်တစ်ခုမှာ အရာရှိ မရှိရင်တော့ ထိန်းကွပ်ရတာခက်ပြီပေါ့။ တော်တော်လေးကို ထိနာတယ်။ နောက်မှ ဖွဲ့စည်းပုံကလည်း အပြည့်မရှိတော့ဘူး။ သူတို့အခုလက်ရှိအနေထားအရဆိုရင် ပြန်စုစုဖွဲ့တဲ့ အနေထားမျိုးပဲ ဖြစ်နေပါတယ်။ အဲ့ဒီတပ်မကြီးပဲလားလို့လည်းမဟုတ်ပါဘူး။ ဒေသခံတပ်တွေနဲ့လည်းတိုက်ပွဲဖြစ်တာရှိတယ်။ ဒါပေမယ့် တပ်မ၆၆လောက်တော့ မပြင်းထန်ဘူး။ ဒေသခံတပ်ရင်းတွေလည်းတိုက်ပွဲတွေဖြစ်ပါတယ်။

မေး။     ။ တပ်မ (၆၆)ဖွဲ့စည်းပုံပျက်နေပြီလို့ ပြောကြတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။     ။ တပ်မ၆၆ကဖွဲ့စည်းပုံပျက်နေပြီဆိုတာကတော့ မှန်ပါတယ်။ ဒါကတော့ လူတိုင်းသိနေတဲ့ကိစ္စပါပဲ။ ဒီကရင်နီပြည်ထဲမှာမှမဟုတ်ဘူး ကျန်တဲ့သတင်းမီဒီယာတွေ နောက်တစ်နိုင်ငံလုံးကလည်းသိနေတာပေါ့။ ကျဆုံးတအားများတယ်ဆိုတာ လူတိုင်းကသိနေပါတယ်။

မေး။     ။ တပ်မ(၆၆)ထဲက ဗိုလ်မှူးတွေအဆင့်ထိ ကျတာရှိတယ်လို့ သိရတယ်။ ဘယ်လိုအတည်ပြုလို့ရနိုင်လဲ။

ဖြေ။     ။ ဒီစစချင်း ဒီကျောက်ဆည်ကန်တိုက်ပွဲမှာ ဗိုလ်မှူးတွေပါတယ်။ အဲ့ဒီတုန်းကဆို ဘယ်လိုပဲဖောက်ဖောက်မရပါဘူး။ ကိုယ်တိုင်တော့မသိရဘူး။ တချို့ကလည်း ကိုယ်တိုင်သိရတယ်ဆိုတာက ဟိုကိုယ်မြင်ကိုယ်တွေ့  ဥပမာအလောင်းတွေ တွေ့တာတို့ ၊ နောက် သူတို့အဆောင်ယောင် ရာထူးတံဆိပ်တွေရှိတယ်လေ။ အဲ့တာတော့သိသာပါတယ်။ ပါတယ်ဆိုတာတော့သိတယ်။ အဲ့ဒီရာထူးတံဆိပ်တွေကြည့်ပြီးမှ ကြည့်ရင်တော့သိနိုင်တယ်။ သို့သော်ဘယ်တစ်ယောက်လည်း  ဒါကတော့အတိကျမသိဘူး။ နောက်ဆုံးတော့လည်း သူတို့ဖက်ကနေ အမိန့်ပြန်တာတုန်း ဘယ်လိုပြောရမှာလည်း ဟိုလုပ်ထုံးလုပ်နည်းအရ အစိုးရစစ်ကောင်စီဖက်က အဲ့အချိန်မှာပဲ ဒါကပိုတိကျတာပေါ့။ ဘယ်တိုက်ပွဲမှာ ဘယ်ဗိုလ်မှူးကျလဲ အဲ့တာတွေကတော့ ချက်ချင်းမသိနိုင်ပေမဲ့လည်း သိနိုင်တဲ့နည်းလမ်းတွေက ရှိတယ်။ လူထုကလည်းသိတယ်။ တချို့သူတို့ထွက်လာတဲ့တပ် ကျနော်တို့ဖက် ပေါင်းလာတဲ့ တပ်မတော်သား ကိုယ်တိုင်က သူတို့ပြောတာရှိတယ်။ နောက်မှ သူတို့ရဲ့ဈာပနအခမ်းအနားမှာ မြင်တွေ့နိုင်တယ်။ တိုက်ပွဲမှာရတဲ့ ယူနီဖောင်းအဆောင်ယောင်တံဆိပ်တွေ ကြည့်ရင်လည်းသိနိုင်ပါတယ်။ ဘယ်လိုမှဖုံးကွယ်လို့မရတဲ့ အနေထားမျိုးတော့ရှိတယ်။

မေး။     ။ တပ်မ (၆၆) အများဆုံးလုပ်ရှားတဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ ကျေးရွာတွေမှာတပ်စွဲထားတဲ့  စစ်ကောင်စီတပ်က ပြန်ဆုတ်တာရှိတယ်။ ဘာကြောင့်လို့ထင်လဲ။

ဖြေ။     ။ သူတို့(စစ်ကောင်စီ) အဲ့ဒီဟာကလည်း အတည်တပ်စခန်းတော့ မဟုတ်ဘူး။ သူတို့ရဲ့ရည်ရွယ်ချက်က ပြည်ထောင်စုလမ်းမကြီးကို ပြန်ထိန်းနိုင်ဖို့ ပြန်ထိန်းနိုင်ပြီဆိုရင် စားနပ်ရိက္ခာတွေ နောက်မှလက်နက်ခဲယမ်းတွေ သူတို့ပို့ဖို့အစီစဉ်ရှိတယ်။ အဲ့ဒါကိုအခုထိ သူတို့ကြိုးစားနေတာပေါ့လေ။ ဒီလွိုင်ကော်-မော်ချီးကားလမ်းကို ရအောင်ထိန်းမယ်ဆိုတဲ့ အစီအစဉ်သူတို့မှာရှိတယ်။ အဲ့တော့သူတို့ လိုက်လှုပ်ရှားနေတာဖြစ်တယ်။ ရောက်တဲ့နေရာမှာ အထိုင်ချတာပေါ့။ အထိုင်ချတဲ့နေရာမှာ ဒီဖက်က ဝင်တိုက်တာရှိတော့ သူတို့ပြန်ဆုတ်တဲ့အနေထားမျိုးရှိတယ်။ အားလုံးဆုတ်လာဆိုလည်း အားလုံးမဆုတ်ဘူး။ ဥပမာဆိုရင် ငွေတောင်ရွာသစ် တို့လိုမျိုး နောက်မှသဲတောင်တို့လိုမျိုးဆို သူတို့ ရှိနေသေးတယ်။ ထီးပေါ်ဆိုတို့ ကဒါးလားတို့ အဲ့လိုမျိုးနေရာမှာ သူတို့ဆုတ်သွားတာ ဟုတ်တယ်။

မေး။     ။ စစ်ကောင်စီက တပ်ဆုတ်တယ်ဆိုပေမယ့် တောင်ယာကို အဓိထားစိုက်ပျိုးကြတဲ့ ဒေသခံတွေကို ဘယ်လိုအသိပေးပြောဆိုချင်တာရှိလဲ။

ဖြေ။     ။ သူတို့ကတော့ လူထုအတွက်စဉ်းစားမှာမဟုတ်ဘူး လူထုက မစိုက်ပျိုးရလေလေ သူတို့အတွက် ကောင်းလေလေပဲ။ လူထုငတ်လေလေ သူတို့ကဝမ်းသာလေလေပါပဲ။ အခုဆုတ်တယ်ဆိုတာက ဒီမြေပြင်မှာတိုက်ခံရလို့ အကျဆုံးတွေရှိလို့ ပဲပြန်ဆုတ်တယ်။ သူတို့လိုချင်တာကတော့ ဒီလမ်းမကြီးကို ပြန်ထိန်း၊ လုံခြုံရေးချမယ်၊ ပြန်ထိန်းမယ် ပြီး ဒါမှသွားလာလို့လွယ်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကအဲ့တာပါပဲ။ သို့သော် ယာယီစခန်း သူတို့ချတဲ့အချိန်မှာ ဒီကတော်လှန်ရေးအဖွဲ့အစည်းတွေ သူ့ကိုဝင်တိုက်တော့ သူတို့ပြန်ဆုတ်သွားတာပါပဲ။ အရင်ဆုတ်တယ်ပြော လို့လည်းရပါတယ်။ ဘာဖြစ်လည်းဆို သူ့ရည်ရွယ်ချက်က ပြည်ထောင်စုလမ်းမကြီးကို ထိန်းနိုင်ဖို့၊ အားလုံးတောက်လျှောက် ပြန်ထိန်းနိုင်ဖို့ သူတို့မှာ စီမံချက်ချထားပြီးသားဖြစ်တယ်။ အခုလည်း ယာယီဆုတ်တယ်လို့ ပြောလို့ရပါတယ်။

မေး။     ။ ကရင်နီပြည်တွင်းရဲ့ တိုက်ပွဲအခြေအနေက ဘယ်လိုဆက်ရှိနိုင်လဲ။

ဖြေ။     ။ ကျနော်တို့ကတော့ စစချင်းအာဏာသိမ်းကတည်းကိုက လူထုနဲ့တစ်တန်းတည်းရပ်တည်မယ်ဆိုတဲ့အပေါ်မှာ တိုက်ပွဲကိုဝင်တာပေါ့။ တိုက်ပွဲပြန်ဝင်ကြတယ်။ ဒီအာဏာသိမ်းပြီးတော့မှ တိုက်ပွဲပြန်ဖြစ်တာနဲ့ တိုက်တာပါပဲ။ သို့သော် ကျနော်တို့တစ်ခုထဲ တပ်မ၆၆တစ်မကိုပဲ တိုက်နေတာမဟုတ်ဘူးလေ။ အားလုံး ဒီမှာ စစ်အာဏာရှင်အောက်မှာရှိနေတဲ့ တပ်တွေအားလုံးကတော့ တိုက်ရမယ်။ တခြားတိုင်းရင်းသားအဖွဲ့အစည်း တခြားဒီမိုကရစ်စီတော်လှန်ရေးအဖွဲ့အင်အားစုတွေလည်း ပူးတွဲပြီးမှ တစ်နိုင်ငံလုံးကို တိုက်ရမယ်။ ဘယ်လိုပြောရမလဲ ကုန်အောင်တိုက်မယ် ဆိုတဲ့ဟာမျိုးလည်း ပေါ်လစီကတော့ မရှိဘူး။ သို့သော်ဒီနိုင်ငံရေးကိုဘယ်လို ဒီအာဏာသိမ်းမှုကို လူထုလက်ထဲပြန်ရောက်အောင် ဘယ်လိုလုပ်မလည်းဆိုတဲ့ နည်းလမ်းတွေတော့ ရှိတယ်။ အားလုံးသေသွားတဲ့ထိတိုက်မယ် ဆိုတဲ့ဟာမျိုးတော့မချထားဘူး။ သို့သော် အဓိကတော့ သူတို့တွေရဲ့ စစ်ကောင်စီ ဒီအာဏာသိမ်းမှုကို လက်မခံတဲ့အပေါ်မှာ တိုက်ပွဲဝင်ကြတာပေါ့။ ဆိုတော့ တကယ်လို့သာသူတို့က ဒီလူထုဆီမှာ အာဏာပြန်အပ်တယ်၊ လူထုဆီမှာလက်နက်ချတယ်ဆိုတော့ ဒါကပွဲပြီးပြီပေါ့လေ။ လောလောဆယ်တော့ လူထုဆီအာဏာပြန်အပ် မအပ်မချင်းတော့တိုက်ပွဲရှိနေအုံးမှာပဲ တိုက်ပွဲဝင်နေအုံးမှာပဲ။

မေး။     ။ ကရင်နီတပ်မတော်(KA) အနေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုစုဖွဲ့မှုတွေရှိလဲ။

ဖြေ။     ။ ကရင်နီပြည်အတိုင်းအတာတစ်ခုနဲ့ပဲပြောရရင်တော့ နဂို ဒီအာဏာမသိမ်းခင်ကတည်းက နဂို ရှိထားတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်။ အဲ့ဒီမတိုင်ခင်မှာတော့ အပစ်ခတ်ရပ်စဲရေး ယူထားကြတယ်ပေါ့နော။ ဒီကြံ့ခိုင်ရေးအစိုးရ ဦးသိန်းစိန် လက်ထက်တုန်းက စယူတယ်။ ဒေါ်စုလက်ထက် NLDလက်ထက်မှာလည်း တစ်ဆက်တစ်စပ်တွေ ဖြစ်တယ်။ အဖွဲ့အစည်းအချင်းချင်းကတော့ တိုက်ကြခိုက်ကြတာတော့ မရှိတော့ဘူး။ သို့သော် ရပ်တည်မှုက သူ့ဟာသူရပ်တည် ကိုယ့်ဟာကိုယ်ရပ်တည် အဲ့လိုမျိုးနည်းလမ်းနဲ့ သွားတော့သွားနေကြတယ်။ အဲ့ဒီတုန်းက ပြန်လည်ပူးပေါင်းဆောင် ရွက်ရေးဆိုတဲ့ဟာတွေ အစီစဉ်တွေက ကျနော်တို့ဖက်ကနေ  Law ချတယ်။ သို့သော်သိပ်မထိရောက်ဘူး။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ ဆိုတော့ PDFတွေပေါ့လေ၊ ဒီးမော့ဆို PDF လွိုင်ကော်PDFစသဖြင့်ပေါ့။ အဲ့ဒီဟာကနေ စုဖွဲ့မှုတစ်ခုတော့ ပြန်လုပ်ကြတယ်။ အဲ့ဒါတော့ KNDFဆိုတာ ဖြစ်လာတယ်။

သို့သော် အားလုံးပါလား ပြောရင်လည်း အားလုံးတော့မပါပြန်ဘူး။ PDFကသပ်သပ် တစ်ဖွဲ့ရှိသေးတယ်။ အဲ့ဒီအောက်မှာလည်း သူတို့သီးသန့်ကတော့ NUGအောက်ကနေ တစ်ဖွဲ့ သူတို့ထွက်လာတယ်။ နောက်မှ အခုဒီ KNDFက ပြည်နယ်ကိုပဲ အခြေခံပြီးမှ ပေါ်ထွက်လာတာတစ်ဖွဲ့ရှိတယ်။ လက်နက်ကိုင် နဂိုလက်နက်ကိုင်အဖွဲ့စည်းတွေကတော့ နိုင်ငံရေးဘယ်လိုသွားကြမလဲ၊ စစ်ရေးဘယ်လိုသွားကြမလဲဆိုတဲ့ဟာတွေကျတော့ မကြာခဏဆွေးနွေးကြတယ်။

အဲ့တော့နိုင်ငံရေးအရဆိုရင် KSCCဆိုတဲ့ ပြည်နယ် အတိုင်ပင်ခံကောင်စီဆိုတာ စုဖွဲ့မှုမှာ နိုင်ငံရေးအရ တစ်စုဖွဲ့ကြတယ်။ စစ်ရေးမှာကတော့ ခုနပြောတဲ့ KNDFရဲ့စုဖွဲ့မှုမှာ ခပ်များများပါဝင်ကြတာရှိတယ်။ သို့သော်တစ်စုတစ်စည်းထဲရှိနေပြီလား ပြောရင်လည်း အခုလောလောဆယ်တော့ မရှိသေးဘူးပေါ့။ 

အရင့်အရင် ဒီအာဏာမသိမ်းခင်တုန်းက ဟိုး အပစ်ရပ်စဲရေး မယူခင်တုန်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်နေကြတာရှိတယ်။ အဲ့ဒါကတော့ စစ်ကောင်စီနဲ့ပေါင်းတဲ့အဖွဲ့တွေနဲ့ ကျနော်တို့တိုက်တယ်ပေါ့လေ။ ဒီနောက်ပိုင်းမှာတော့ သူ့သူရပ်တည် ကိုယ့်ကိုယ်ရပ်တည်ဖြစ်လာတယ်။ အခုဒီတစ်ခေါက်ကတော့ စုဖွဲ့မှုက တစ်ဖြည်းဖြည်းနဲ့တော့ ပိုနီးစပ်လာတာရှိတယ်။ အပြန်လှန်ဆွေးနွေးကြတယ် ပြီး တိုက်ပွဲတွေလည်း အတူတူပြန်ဝင်တာရှိတယ်။ သို့သော်သူတို့မှာက နာမည်မဖော်ချင်ဘူး။ ဥပမာ KAလိုမျိုး KAက တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ဟာမျိုးကတော့ ပြောင်ထုတ်ပြန်တာရှိတယ်။ တစ်ခြားအဖွဲ့အစည်းတွေထဲကတော့ အဲ့လိုမျိုးမဟုတ်ဘူး။ အဲ့ဒီဟာတော့ တစ်ဖြည်းဖြည်းနဲ့ကတော့ စုပေါင်းမှု စုပေါင်းလာဖို့လိုတယ်။ နောက်မှ ဘာလုပ်လုပ်ပေါ့လေ ။ အဖွဲ့အစည်း ကိုယ့်ရဲ့အဖွဲ့အစည်း ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့ပါတီတွေကို တစ်ခုထဲကိုပဲအခြေခံပြီးမှ တော်လှန်ရေးလုပ်ဖို့တော့ မသင့်တော့ဘူး။ အခုလူထုတစ်ရပ်လုံးပါလာပြီ။ လူထုကိုပဲအခြေခံပြီးမှ ပြည်နယ်တစ်ခုကိုအခြေခံပြီးမှ တော်လှန်ရေးလုပ်ဖို့လိုလာပြီ။ ဆိုတော့ လူတိုင်းသိစေချင်တယ်ပေါ့။

spot_img
spot_img

Recent posts