spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

တပ်သိမ်းမြေ နှင့် သက်ဆိုင်သော မေးခွန်းများ ပြည်နယ်လွှတ်တော်တွင် ကန့်သတ်ထား

Author

Date

Category

နော်ဒွေးအယ်ခူ

လှုံခြုံရေး အကြောင်းပြချက်ကြောင့် တပ်မတော်က သိမ်းယူထားသည့် မြေယာများနှင့် ပါတ်သက်ပြီး ပြည်နယ်လွှတ်တော်တွင် မေးမြန်းခွင့်မရကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောသည်။

တပ်သိမ်းမြေကိစ္စ ကို ပြည်ထောင်စုလွှတ်တော်တွင်သာ မေးမြန်းခွင့်ရှိကြောင်းဆိုသည်။

“မြေယာနဲ့ပတ်သက်တာကတော့ အဓိကတပ်သိမ်းတဲ့ကိစ္စတွေပေါ့နော။ ပြည်နယ်လွတ်တော်အဆင့်မှာတော့ တပ်နဲ့ပတ်သက်တဲ့ကိစ္စတွေ ရှင်းရှင်းပြောရရင် ဥပဒေအရတော့ လုပ်လို့မရဘူးလို့တော့ ပြောပါတယ်။ ဥပမာ တပ်ဖြစ်ပြီဆို .. ဒါကလုံခြုံရေးပေါ့ လုံခြုံရေးကိစ္စ ပြည်ထောင်စုမှာပဲလုပ်လို့ရတယ်ဆိုတဲ့ ဥပဒေရဲ့ပေးထားချက်အရကန့်သတ်ချက်ရှိတာပေါ့” ဟုဦးသဲရယ်ကဆိုသည်။

လက်ရှိ ပြည်နယ်အတွင်းတပ်သိမ်းမြေနှင့်ပတ်သက်၍ ဒီမော့ဆိုမြို့ တောင်သူအချို့မှာလည်းရာဇသတ်ကြီးပုဒ်မပုဒ်မ ၄၄၇ (ပိုင်နက်ကျူးကျော်မှု) ဖြင့်လည်းကောင်း၊ ပြည်သူူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆/၁ သော်လည်းကောင်း၊ လွိုင်ကော်မြို့ တောင်သူအချို့မှာ ၆/၁ ဖြင့် တရားရင်ဆိုင်နေရသည်။

တပ်မှသိမ်းဆည်းထားသောမြေအနက် တောင်သူတွေ၏ မြေယာပုံစံ(၇)ရှိသည့်မြေများပါသွားသည့်အတွက် ပြီးခဲ့သည့် ၁၅ ကြိမ်မြောက် လွတ်တော်အစည်းအဝေးတွင် ပြည်နယ်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ထားကြောင်း မေးမြန်းခဲ့ရာ သက်ဆိုင်သည့်ဝန်ကြီးဖြေကြားသည့်အခါ လိုရင်းမရောက်ရှိကြောင်းဦးသဲရယ်ကဆက်ပြောသည်။

“တပ်သိမ်းမြေထဲမှာပုံစံ(၇)ရှိနေတဲ့အတွက် အဲဒါကို ပြည်နယ်အစိုးရဒီအတွက် ဘယ်လိုလုပ်ပေးသလဲဆိုတဲ့ဟာကသူဖြေထားတာတခြားဆီဖြစ်နေတာပေါ့။ ဆိုတော့ ဒါကလည်းကျတော်တို့ လိုချင်တဲ့အဖြေမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ပြည်နယ်လွှတ်တော်အဆင့်တွင် တပ်သိမ်းဆည်းမြေနှင့်ပတ်သက်ပြီးဥပဒေအရမေးမြန်းခွင့်ကန့်သတ်ခံနေရတာကြောင့် မည်သည့်အစိုးရဘဲတက်တက် တပ်ကပြန်လည်စွန့်လွှတ်မှသာမြေပြန်ရရှိမည်ဖြစ်ကြောင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကသုံးသပ်ပြောဆိုသည်။

“အားလုံးကစစ်တပ်ကစွန့်လွတ်မှ ပြန်ရမဲ့ဟာမျိုးတွေပဲ။ စစ်တပ်ကမစွန့်လွတ်ရင် ပြန်ရစရာအကြောင်းမရှိဘူး။ ဘယ်အစိုးရပဲတက်တက် ဘယ်သူပဲဖြစ်နေဖြစ်နေရမှာမဟုတ်ဘူး။ စစ်တပ်ကသိမ်းတဲ့မြေတွေကိုး။ သူတို့ကမစွန့်ပေးရင်တော့ ဘယ်အရာမှ တိုးတက်လာမှာမဟုတ်ဘူး။ မင်းအောင်လှိုင်ကိုယ်တိုင် စွန့်လွတ်မှ ရမှာတပ်ကမစွန့်လွတ်ပဲနဲ့ စွန့်လွတ်ပါ ကျတော်တို့ဘက်ကသွားပြောလို့ မရဘူး” ဟုဦးအောင်နိုင်ဦးကဆိုသည်။

လာမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တပ်မှ သိမ်းဆည်းထားသောမြေအားလုံးကို ပြည်သူလူထု ပြန်တောင်းဆိုသည့်အခါ တပ်မှ စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းသွားရန် ကြိုးစားသွားမည်ဟုဦးသဲရယ်ကပြောသည်။

၂၀၁၉ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့အထိဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာလေ့လာရေးအဖွဲ့သည် ပြည်သူလူထုထံမှ တင်ပြတိုင်ကြားလာသည့် တိုင်ကြားစာ ၁၂၂ စောင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌမှ ဖြေရှင်းဆောင်ရွက်ရန် မှတ်ချက်ပြုထားသည့် တိုင်ကြားစာ ၉၄ စောင်၊ ဆောင်ရွက်ဆဲတင်ပြစာ ၆ စောင်နှင့် တပ်သိမ်းမြေကိစ္စ တိုင်ကြားစာလည်းပါဝင်သည်။

တပ်သိမ်းမြေကိစ္စတွင် ဒေါဆိုရှေးကျေးရွာ နှင့် အမတ ၃၆၀ တပ် မြေယာအမှုကိစ္စနှင့်ပတ်သက်၍ ဆိုင်းငံ့ထားရန် မှတ်ချက်ပြုထားသည့် တင်ပြစာ ၁ စောင် ရှိကြောင်းတိုင်စာပစ်စာလေ့လာရေးအဖွဲ့၏ ၃နှစ်တာကာလအတွင်းတိုင်ကြားစာများအပေါ် ဆောင်ရွက်ထားရှိမှု အစီရင်ခံစာအရသိရသည်။

spot_img
spot_img

Recent posts