spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တရားမဝင်သစ်ကိစ္စကြောင့် ပြည်သူများ အသက်အန္တရာယ် ခြိမ်းခြောက်ခံရနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဘောလခဲခရိုင်အတွင်းမှ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့များသို့ လက်နက်ကိုင်ဆောင်ပြီး တရားမဝင်သစ်များ ပို့ဆောင်နေခြင်းအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ရန် ပါဝင်ကူညီဆောင်ရွက်နေသူများကို အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဇန်နဝါရီလအတွင်း ဘောလခဲမှ နန်းဖဲ – ဖရူဆို – ဒီးမော့ဆို – လွိုင်ကော် ကားလမ်းမကြီးမှ တရားမဝင်သစ်များ သယ်ဆောင်ရာတွင် ဘောလခဲဂိတ်၌ ရှိသောသစ်တော ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ဂိတ်တားထားသော သံဆူးကြိုးတိုင်များကို ကိုယ်တိုင်ဖွင့်ကာ ကျော်ဖြတ်ခဲ့သော လက်နက်ကိုင်ဆောင်သူ တစ်ဦးကို ပြည်နယ်အစိုးရက ဖေဖော်ဝါရီလအတွင်းက ဝရမ်းထုတ်ထားသည်ဟု သိရသည်။

တရားမဝင်သစ်များ ဖမ်းဆီးရန် ပြည်နယ်အတွင်းတွင် ဘောလခဲ ၊ လွိုင်ကော်ကားလမ်းမကြီးတွင် ဂိတ်တစ်ခု ၊ ဘောလခဲ -ဒေါတမကြီး – လွိုင်ကော်သွားလမ်း ၊ ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်တွင် ဂိတ်တစ်ခု ထားရှိထားသော်လည်း ဂိတ်များကို ရှောင်၍ ဝရမ်းထုတ်ထားသူသည် စဉ်ဆက်မပြတ် သယ်ယူနေကြောင်း စောင့်ကြည့်လေ့လာနေသည့် ဒေသခံများထံမှသိရသည်။

ထိုသို့ ဖမ်းဝရမ်းထုတ်ထားသော်လည်း လက်တွေ့တွင် တာဝန်ရှိသူများမှ ဥပဒေအတိုင်းတာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရန်အတွက် စိန်ခေါ်မှုများရှိနေသည်ကို သိရသည်။ အကြောင်းမှာ ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆွေမျိုးပတ်သက်နေသည့်အတွက် ပြည်သူများက ကြောက်လန့်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဝရမ်းထုတ်ထားသောသူ ဖိုးသဒါးဆိုသူ၏ အကြောင်းကို ကန္တာရဝတီတိုင်း(မ်)က ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးဘုန်းနိုင်နှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသူသည် စိတ်ရှိတိုင်းလုပ်တတ်သည့်သူတစ်ဦး ဖြစ်ကြောင်း ၊ ပြည်သူများကို မနှောက်ယှက်ရန် သတိပေးသွားမည်ဖြစ်ကြောင်းပြောဆိုသွားပါသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ဘောလခဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ ဖြစ်သူ ဦးစိုင်းကြီးထံတွင် ဖုန်းဖြင့် မေ့ဆေ့ပို့ကာ ခြိမ်းခြောက်မှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးထံမှ သိရသည်။ ဖုန်းမတ်ဆေ့၌ ဦးစိုင်းကြီးအပါအဝင် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကိုလည်း ထပ်တူပြောဆို ထားသည်။

၎င်းအပြင် ဦးစိုင်းကြီး၏ မိသားစုဝင်တချို့ထံသို့လည်း ယခင်လများတွင် ဖုန်းဖြင့် ဆက်သွယ်ကာ ခြိမ်းခြောက်ခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်။

တရားမဝင်သစ်မှောင်ခိုဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေသည့် သက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိနေသည့်သူတစ်ဦးဖြစ်သည့်အတွက်

ဦးစိုင်းကြီးအား ယခုလို ဖုန်းဖြင့် ခြိမ်းခြောက်ခြင်းခံရခြင်း ဖြစ်သည်။

ထို့ကြောင့် ဦးစိုင်းကြီးသည် ဖုန်းဖြင့် ခြိမ်းခြောက်လာသူ ဖိုးသဒါးအမည်ရှိသူကို ဘောလခဲ့မြို့မရဲစခန်း၌ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ထားကြောင်း သိရသည်။

တရားမဝင်သစ်များသယ်ယူပို့ဆောင်ပေးနေသူများသည် လက်နက်ကိုင်အဖွဲ့အစည်း၏ အမည်နာမနှင့် လက်နက်များကို အလွှဲအသုံးပြုနေခြင်း ရှိနေခြင်းသည် ပြည်သူများ၏ အသက်အန္တရာယ် အိုးအိမ်စည်းစိမ်များ စိုးရိမ်ပူပန်နေကြရသည်ဟု ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူများမှ အဖွဲ့ဝင် တစ်ဦးက သုံးသပ်ပြောဆိုသွားပါသည်။

spot_img
spot_img

Recent posts