spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်တဲ့အထိ ခုခံတော်လှန်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွဲမယ်လို့ KNPP ပြော

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မေလ ၂ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တည်ထောင်ခြင်း (၆၆)နှစ်ပြည့်နေ့မှာ ကရင်နီအမျိုးသားထုတစ်ရပ်လုံး ဖိနှိပ်မှုမှ လွတ်မြောက်ပြီး တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်တဲ့အထိ ခုခံတော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွဲသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး -၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့က ဒီစစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ ပြုတ်ကျရေးအတွက် ကြိုးပမ်းဆောင်ရွက် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေ နောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ပါမယ်ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လက်တွဲပြီးတော့မှ ဆောင်ရွက်နေတာရှိတယ်။ ဒါကလည်း ကျနော်တို့ နဂိုမူလကတည်းက KNPP ရဲ့ နိုင်ငံရေးဦးတည်ချက် ရည်မှန်းချက်ဖြစ်တယ်။ ဆိုတော့ ဒီအတွက် ကျနော်တို့ကတော့ ဆက်ပြီးတော့မှ တခြားဘဝတူတိုင်းရင်းသားတွေ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ လူငယ်၊ အမျိုးသမီးတွေနဲ့ ကျနော်တို့လက်တွဲပြီးတော့မှ အနာဂတ်မှာ ကျနော်တို့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

KNPP ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါက်လာတဲ့ အာဏာရှင်စနစ်မှန်သမျှကို တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတိုက်ပွဲမှာ တော်လှန်နေတဲ့ ပြည်သူတစ်ရပ်လုံးဖက်မှ ရပ်တည်ပြီး KNPP ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ကရင်နီအမျိုးသားထုတစ်ရပ်လုံး ဖိနှိပ်မှုမှ လွတ်မြောက်ဖို့အတွက် ခုခံတော်လှန်ရေးတိုက်ပွဲကို ဆင်နွဲနေလျက်ရှိနေပါတယ်။

နှစ်ပေါင်း ၇၀ ကျော် နိုင်ငံရေးဦးတည်ချက် ချမှတ်ကာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပြီး နိုင်ငံရေးရည်မှန်းချက်ပြည့်ဝအောင်လည်း စစ်ကောင်စီအာဏာမသိမ်းကတည်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို KNPP က အကြိမ်ကြိမ် ညှိနှိုင်းအဖြေရှာခဲ့ကြပေမယ့် အခြေခံအချက်တွေကို ဆွေးနွေးမှုမရရှိခဲ့ဘူးလို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

(၆၆)နှစ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ နိုင်ငံရေး၊ စစ်ရေး စမ်းသပ်မှုအပါအဝင် တော်လှန်ရေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး ချမှတ်ထားတဲ့ အခြေခံမူလမ်းစဉ်အတိုင်း ကရင်နီအမျိုးသားခုခံတော်လှန်ရေးကို တစ်စိုက်မတ်မတ် ဆင်နွဲလာခဲ့တယ်လို့ ဒီကနေ့ (၆၆)နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘုံရန်သူဖြစ်တဲ့ မဟာဗမာဝါဒနှင့် စစ်အာဏာရှင်စနစ် ကျရှုုံးရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးတို့ကို အာမခံချက်ပေးမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဘဝတူတိုင်းရင်းသားများနှင့် နိုင်ငံရေးနှင့်စစ်ရေးအရ လက်တွဲတော်လှန်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့(ဖဆပလ) အစိုးရရဲ့ နယ်ချဲ့ကျူးကျော်မှုကြောင့် ဆုံးရှုံးသွားတဲ့ ကရင်နီပြည်ရဲ့သီးခြားလွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြန်လည်ရရှိဖို့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးကို ၁၉၄၈ခုနှစ် ဩဂုတ်လ (၉)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကို ၁၉၅၇ခုနှစ် မေလ ၂ ရက်နေ့က ကရင်နီပြည် လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ် ဟီလူ (ကသိုးခီး) ရွာမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ခြင်းမရှိသလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်မှုတွေဟာလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှုမရှိဘူးလို့ KNPP က ၂၀၂၂ခုနှစ်အတွင်းမှာ ထုတ်ပြန်ထားတာရှိပါတယ်။

“ကျနော်တို့ကို တရားဝင်ပို့လာတာ တခါနှစ်ခါတော့ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ တခါမှာ မထွက်ဘူးပေါ့နော်။ ဘာကြောင့်လဲဆို ကျနော်တို့ဒီနေ့ဒီအချိန်ကာလဟာ နိုင်ငံရေးဆွေးနွေးပွဲကို စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့အတွက် ဒါက အချိန်ကာလမဟုတ်ဘူးပေါ့နော်။ ဒီထက်ကို ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို အဖြေရှာဖို့အတွက် ကျနော်တို့ ပြင်ဆင်မှု လုပ်ငန်းစဉ်တွေ အခုကျနော်တို့ အရင်ဆုံးဆောင်ရွက်ရမယ့် ကာလဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က တခါမှ မသွားခဲ့ဘူးပေါ့နော်။”လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

KNPP ဟာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်နယ်အဆင့်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

spot_img
spot_img