spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲကြောင့် ထပ်ဆင့်ပြောင်းရွှေ့ရတဲ့ IDPs များ စားနပ်ရိက္ခာ အခက်အခဲ တွေနဲ့ ကြုံတွေ့နေရ

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၂ ရက်နေ့စ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ ထိခိုက်မှုတွေကြောင့် IDPs စစ်ရှောင်စခန်း (၃)ခု ထပ်မံပြောင်းရွေ့ခဲ့ကြရပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့လောက်က စတင်ရွှေ့ပြောင်းကြတာ ဖြစ်ပြီး ကျောင်းသားကျောင်းသူ အပါအဝင် လူဦးရေ တစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာ အခက်အခဲ တွေနဲ့ ကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

“စားဝတ်နေရေးကတော့ ဘယ်လိုပြောရမလဲ။ ဟိုးဘက်စစ်ရှောင်ကနေ ပါလာတဲ့ဟာလေးနဲ့ပဲ ချွေတာ စားနေရတယ်ပေါ့။ တအားကြီးလည်း ပစ်စလတ်ခတ် မစားရဲဘူးပေါ့။ အများကြီးလည်း မစားသောက်ရဲဘူး။ ရှေ့လျှောက် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတော့ မပြောတတ်ဘူးပေါ့နော်။ အဲ့ဒါလည်း စိုးရိမ်နေရတယ်။ နောက်အခုလက်ရှိဒီနေရာမှာလည်း မသေချာသေးဘူးပေါ့။ဘယ်နေရာမှာ ထပ်ရွေ့ရမလဲ ပြောင်းရမလဲဆိုတာလည်း မပြောတတ်သေးဘူး။ လောလောဆယ်တော့ ရှိတာလေးနဲ့ပဲ ချွေတာပြီးတော့ စားသောက်နေရတယ်”လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

၂၀၂၁ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်အုပ်စုအတွင်းမှာ တိုက်ပွဲ စဖြစ်ကတည်းက စစ်ရှောင်စခန်းမှာ (၂)နစ်နီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာ ဖြစ်ပြီး ယခု ၂၀၂၃ ဇန်နဝါရီလ ၂၃ ရက်နေ့လောက်မှာ ဒုတိယအကြိမ် စခန်းတခုလုံး ထပ်မံ ပြောင်းရွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

“ကျနော်တို့ စံပြ (၆)မိုင် စထွက်ပြေးကတည်းက၂၀၂၁ ကတည်းက စပြေးတယ်။ အဲ့ဒါ အခုချိန်ထိ (၂) နှစ်ပြည့်တော့မယ်။ ပြီးတော့မှ အခုတစ်ခေါက် ဒီ ၂၃ ရက်နေ့ မှာ ထပ်ပြေးခံရတယ်။ တောထဲမှာရောက်လာတယ်။ တောထဲမှာ ရောက်လာတော ကျနော်တို့ အိမ်ကောင်းကောင်းဆောက်လို့ ရပြီးဆိုပြီးတော့မှ အခြေအနေ ကောင်းမလားဆိုပြီးတော့ သက်ကယ်တွေ ဘာတွေ ရိပ်တယ်။ ဒုက္ခခံတွေ မဖြစ်အောင်ဆိုပြီးတော့။ ကျနော်တို့အလှူရှင်တွေကိုပေါ့နော်။ ကိုယ်ချင်းစာပါတယ်။ အလှုရှင်တွေလာတယ်။ ရတယ်။ အကုန်လုံးပေးသမျှရတယ်။ အရှူရှင် ရှိသမျှလာလှူတယ် ပေးသမျှအကုန်လုံးလည်း ရတာပေါ့။ အဲ့ဒါနဲ့ ဒီအခုပေါ့ အလှူရှင်သက်သာအောင်ဆိုပြီးတော့ မိုးကာဖိုးလေး ကာမိအောင်ဆိုပြီးတော့။ ကျနော်တို့ စာဝတ်နေရေးပေါ့နော်။ စားဝတ်နေရေး အခက်အခဲ မဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့လည်း သက်ကယ်ရိပ်ပြီးတော့မှ မိုးကာအစား အစားထိုးတယ်။ အခုဒီ ၂၃ ရက်ကျတော့ ထပ်ပြေးရတယ်။အိမ်ဆောက်ထားပြီးလူလည်း ဆောက်ထားတယ်။ မဆောက်ထားတဲ့ လူလည်း မဆောက်ရသေးဘူး။ အခုကြက်တွေ ဝက်တွေလည်းကျန်ရစ်ခဲ့တယ်။ တောထဲမှာပေါနော်။ ကျနော်တို့မှာ အခက်အခဲ တစ်ခုနှစ်ခု ထပ်ဆိုခါကျတော့ ကျနော်တို့ ဒီအခု ဘယ်ကနေ စသွားမလဲ ဘယ်လိုစဥ်းစားရတော့မလဲပေါ့” လို့ ထပ်မံရွေ့ပြောင်းရတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ IDPs စခန်းတစ်ခုဟာ တစ်နေရာထဲကိုပဲ ထပ်မံပြောင်းရွှေ့ကြတာ မဟုတ်ပဲ တစ်နေရာစီ လူစုကွဲ တိမ်းရှောင်ကုန်ကြတယ်လို့ သိရပါတယ်။

အခုလို တစ်ကွဲတစ်ပြားစီ ရောက်နေကြတာကို ပြန်လည်စုစီး နိုင်ဖို့ ကြိုးပမ်းနေပြီး လူဦးရေ စာရင်းပြန်လည်ကောက်ယူကာ ရရှိလာတဲ့ စာရင်းအပေါ်မူတည်ပြီး စားနပ်ရိက္ခာ တွေကို ထောက်ပံ သွားဖို့ ရှိတယ်လို့ ကရင်နီပြည် လူ့အခွင့်အရေး အဖွဲ့မှ ဒါရိုက်တာ ဆရာဗညား က ပြောပါတယ်။

“အခုလောလောဆယ်က ရှိတဲ့ဟာလေးနဲ့ပဲ ဆက်ပြီးတော့မှ ကျနော်တို့ ပံ့ပို့နေရတာပေါ့။ဥပမာ-ရှိတဲ့ဟာ ပုံစံ (၂)ခုပေါ့။ တစ်ခုက ကျနတို့ IDPs စခန်းတွေမှာ တစ်ချို့ရွာတွေမှာ နဲနဲပါးပါးလေးပေါ။ စားနပ်ရိက္ခာဆန်လေး နည်းနည်းပါးပါး ရှိတာလေးပေါ့။ အဲဒီကနေ လုံးဝပါမလာတဲ့ မိသားစုဝင်တွေကို အရေးပေါ် အနေနဲ့ ကျေးရွာမှာ ရှိတဲ့လူတွေက တိုင်ပင်ပြီးတော့ ပေးတာ တစ်ခုရှိတယ်။ အဲ့ဒါ တစ်ပိုင်းပေါ့။ ပြီးရင်တော့ ကျနော်တို့ စာရင်းတွေ ပြန်ပြီးတော့မှ လိုက်ကောက်နေတယ်ပေါ့နော်။ အခုကမငြိမ်သေးဘူး။ခုကရွှေ့တုန်းပဲရှိသေးတယ်။ ဆိုတော့ တချို့ကလည်း တစ်နေရာထဲမှာမဟုတ်ပဲ ပျံ့ကြဲနေကြတော့အခုက တစ်နေရာထဲပြန်စုနိုင်အောင်ပေါ့။ ဆိုတော့သွားနေတဲ့ပုံစံရှိတယ်ပေါ့။တချို့က IDPsစခန်းကနေ ဟိုးတောထဲတောင်ရွှေ့တာ။တချို့က အဲဒီရွာတွေထဲကို နည်းနည်းလေးပိုပြီးတော့မှ save ဖြစ်မယ်နေရာကို ရွှေ့တဲ့နေရာရှိတယ်။တချို့ IDPs ဆို နှစ်ရွာသုံးရွာမှာ ရောက်သွားတယ်။ တချို့ဆိုက တောထဲတောင်ထဲရောက်သွားတယ်။အဲဒါကို ပြန်ပြီးစုခိုင်းထားတယ်ရှိတယ်ပေါ့နော်။ ပြီးရင်တော့ ကျနော်တို့ စာရင်းတွေ ထွက်လာရင်တော့ ဒီအပေါ်မူတည်ပြီးတော့ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေ ကျနော်တို့ ပြန်ပြီးတော့မှ ဖြန့်ဝေပေးဖို့ စီစဥ်ထားတာတွေရှိတယ်”လို့ ကရင်နီ လူ့အခွင့်အရေး အဖွဲ့မှ ဒါရိုက်တာ ဆရာဗညား က ပြောပါတယ်။

ယခုလ ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း IDPs (၃)ခု အပါအဝင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာပေါင်း (၁၁)ရွာ ဝန်းကျင်ကလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး လူဦးရေ သုံးထောင်ငါးရာ ဝန်းကျင် ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts