spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲကြောင့် မတိမ်းရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ယမန်နေ့ည (ဩဂုတ်လ ၁၃) ရက်နေ့ညမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ အခြေအနေ တင်းမာမှုကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူတွေ ညတွင်းချင်း ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

မတိမ်းရှောင်နိုင်တဲ့ အသက် ၈၀ အရွယ် သက်ကြီးရွယ်အိုတစ်ဦး အသက်ရှုပ်ကြပ်ပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ သူများပြေးလွှားတာ ကြားတော့ စိတ်ဆင်းရဲပြီး သူ့အိမ်မှာပဲ အသက်ရှူကြပ် ဆုံးသွားတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လက်ရှိမှာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ သုံးထောင်ဝန်းကျင် ရှိနေပြီး ညတွင်းချင်းမှာ ကဗျာကယာ တိမ်းရှောင်ရတဲ့အတွက် စားနပ်ရိက္ခာ များများစားစား မသယ်ဆောင်နိုင်ခဲ့ဘူး လို့ သိရပါတယ်။

ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ နေရာယူထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အခြေအနေမှာ တင်းမာနေဆဲဖြစ်တဲ့အတွက် အိမ်ပြန်နိုင်ဖို့ ခက်ခဲလာနိုင်ပြီး စားနပ်ရိက္ခာ အခက်အခဲ ရှိလာနိုင်တယ်လို့ ဒေသခံလူငယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ စစ်ရအခြေနေတင်းလာဖို့ပဲရှိတယ်။ ဒါကြောင့် စစ်ရှောင်အတွက် လိုအပ်ချက်‌တွေကို ကြိုတင်ပြင်ဆင်ထားပေးကြဖို့ လိုမယ်။ အဓိက စားနပ်ရိက္ခာ၊ မိုးကာ၊ ဆေးဝါးတွေ လှူနိုင်သူ၊ ကူနိုင်သူတွေ ကြိုတင်ပြင်ဆင်ထားစေချင်တယ်။” အဆိုပါ ဒေသခံ လူငယ်အမျိုးသားက ပြောပါတယ်။

ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ ဒီးမော့ဆိုအရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ပစ်ခတ်မှု မရှိတော့ပေမယ့် အခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img