spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲကြောင့် လယ်ယာမြေဧက နှစ်သောင်းကျော်အနက် တစ်ဝက်သာစိုက်ပျိုးနိုင်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက မြို့ပေါ်တစ်ဝိုက် လယ်ယာမြေ ပုံစံ (၇) ရှိတဲ့ လယ်ယာမြေ ဧက နှစ်သောင်းနှစ်ထောင်ကျော်ရှိပေမယ့် ဧကတစ်သောင်းကျော်သာ စိုက်ပျိုးနိုင်တယ်လို့ စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ တောင်သူတွေက ပြောပါတယ်။

“တစ်မြို့နယ်လုံးမှာတော့ မြို့ပေါ်ရပ်ကွက်တွေ ပြန်မလုပ်နိုင်ကြဘူး၊ မလုပ်နိုင်တဲ့ အကြောင်းရင်းက အခြေအနေမျိုးမျိုးကြောင့်ပေါ့နော။ ဧကခါကျတော့ တစ်မြို့နယ်လုံးရဲ အသားတင် ဧက ၂ သောင်းကျော်ရှိတယ်။ အဲဒီ အသားတင် ဧက ၂ သောင်းကျော်ထဲမှာက ခန့်မှန်းချက်အနေနဲ့ အနည်းဆုံး ဧက ၁ သောင်းကျော် လောက်တော့မလုပ်နိုင်ဘူးပေါ့။ အဆိုးဆုံးက မြို့မအုပ်စုနဲ့ ထီးပေါ်ဆို အုပ်စု နှစ်ခုပေါ့နော”လို့ ‌ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်ရှိအုပ်စု (၅)ခုအနက် မြို့မအုပ်စု၊ ထီးပေါ်ဆိုအုပ်စု၊ မိုဆိုအုပ်စု အရှေ့ဘက်၊ မာခရော်ရှေ့ အုပ်စုတွေမှာ စိုက်ပျိုးခွင့်မရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဖရူဆိုမြို့ပေါ်မှာ ဒေသခံတွေဟာ တိုက်ပွဲမကြာခဏဖြစ်ပွားနေတာကြောင့် မိမိတို့ကျေးရွာ ရပ်ကွက်တွေမှာ နေထိုင်လို့မရတော့ဘဲ တောတောင်ထဲ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်မှာ ၂၀၁၉ခုနှစ် ဒေသဆိုင်ရာအချက်အလက်အရ လူဦးရေ ၃သောင်းတစ်ထောင်ဝန်းကျင်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဖရူဆိုဒေသခံ ၆ထောင်ကျော်ရှိတယ်လို့ ဖရူဆိုမြို့နယ်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီရဲ့ စာရင်းအရ သိရပါတယ်။

တိုက်ပွဲကြောင့် မြို့ပေါ်ပြန်လည်နေထိုင်ခွင့်မရတဲ့ စစ်ရှောင်ဒေသခံတွေကတော့ ရွေ့ပြောင်းတောင်ယာစိုက်ပျိုးကြတဲ့ ဒိုးပရယ်အုပ်စု၊ ကေးလျားအုပ်စု၊ မိုဆိုအုပ်စု အနောက်ဘက်၊ ထီးပေါ်ဆိုအုပ်စု အနောက်ဘက်တွေမှာ စိုက်ပျိုးကြတော့တယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်တော့ အဆင်ပြေသေးတာပေါ့၊ ဒီတစ်နှစ်ခါကျတော့ တစ်မြို့နယ်လုံးရဲ့ တစ်ဝက်နှုန်းလောက်ပေါ့နော။ တကယ့်ပြည်သူလူထု စားဝတ်နေရေးအတွက် အဓိက စိုက်ပျိုးမြေ မလုပ်နိုင်တဲ့အတွက် တစ်မြို့နယ်လုံးရဲ့ တစ်ဝက်ကျော်ကျော်လောက်တော့ အခက်အခဲနဲ့ ကြုံတွေ့ရမှာပေါ့။ တစ်ဝက်ကျော်လောက်တော့ မလုပ်နိုင်ဘူးပေါ့နော” လို့ တောင်သူတစ်ဦးက ဆက်ပြောပါတယ်။

ဖရူဆိုဒေသခံတောင်သူတွေရဲ့ လယ်ယာမြေ ဧက တစ်သောင်းကျော်ဟာ စိုက်ပျိုးလို့မရတာကြောင့် လာမယ့်နှစ် စပါး၊ သီးနှံအထွက်နှုန်းလျော့ကျမှာဖြစ်ပြီး စားဝတ်နေရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်း ဒေသခံတောင်သူတွေဟာ လယ်ယာမြေနဲ့ ရွေ့ပြောင်းတောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒီကနေ့အထိ စစ်ရှောင်နေကြရဆဲ ဖြစ်ပြီး အလှူရှင်လှူဒါန်းမှုကို အားကိုးမှီခိုနေရတာဖြစ်ပါတယ်။

ဖရူဆိုမြို့ပေါ်မှာ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ မရ ၄၂၈၊ ခမရ ၅၃၁၊ အမှတ် ၁၄ တန်းမြှင့်လေ့ကျင့်ရေးကျောင်းရှိပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော်(KA)၊ မဟာမိတ်ပူးပေါင်းတပ်တို့နဲ့ စစ်ကောင်စီတို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

spot_img
spot_img