spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲပြင်းထန်တဲ့ ကရင်နီပြည်နယ်အတွင်းမှာ ပြည်သူတွေ ဘေးလွှတ်ရာတိမ်းရှောင်ဖို့ အခက်အခဲတွေ့နေရ

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်မှာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က တင့်ကားတွေ၊ တိုက်လေယာဉ်တွေ အင်အားအလုံးအရင်း အသုံးပြုပြီးတော့ စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူလူထုတွေကော ကူညီကယ်ဆယ်ရေးအဖွဲတွေကော ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်နိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုဆိုပြေးကြဆိုလို့ ပြေးလိုက်တာပဲ ။ ဘယ်ကိုပြေးရမှန်းမသိဘူး။ ဘာမှလည်းမသယ်သွားနိုင်ဘူး။ လူတကိုယ်ပဲအိမ်ကနေပြေးထွက်လာခဲ့ကြတာ”လို့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ပေါ် မိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ကလေးတွေနဲ့ ပြည်သူတချို့ရှိနေပြီး ဒဏ်ရာရနေတဲ့ ပြည်သူတချို့လည်းရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ လိုအပ်လျက်ရှိနေတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“နောက်ပြီးတော့ ဒီမိုင်းလုံးဘက်မှာဆို လက်နက်ကြီးတွေပစ်တယ်။ ဒီမှာထိခိုက်တဲ့ ဒဏ်ရာရရှိတဲ့သူရှိနေတယ်။ ပိတ်မိနေတယ်။အဲလိုအခက်အခဲတွေရှိနေတယ်။”

ယမန့်နေ့ ဇန်နဝါရီလ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်က တင့်ကားတွေနဲ့ လွိုင်ကော်မြို့ပေါ်ကနေ ဒီးမော့ဆိုမြို့ဘက်ကို သွားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

တရက်တည်းမှာပဲ ရှားတောမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းကိုလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ဟပ်စကီးတွေနဲ့ ဗုံးလာကျဲသွားတယ်လို့ ကရင်နီကာကွယ်ရေးဒုဝန်ကြီး ခူဒယ်နီယာကပြောပါတယ်။

“သူတို့တကယ်လာကျဲတာကော ခုနကလည်းလာတယ်အခုလည်းလာတယ်။ တိုက်လေယာဉ်ကတော့ ဒီမနက်ကတည်းကလာတယ်။ ဟို့ခုနကပဲ ဟပ်စကီး လာတယ်။ အခုတောင်မှရှိသေးတယထ်။”

ဒီမနက်ဇန်နဝါရီလ ၇ ရက်နေ့မနက်ပိုင်းမှာ သံလွင်အရှေ့ဘက်ခြမ်း ရှားတောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်လာရောက်ပစ်ခတ်ခဲ့တာလို့ ခူဒယ်နီယာက ဆိုပါတယ်။

သုံးရက်အတွင်းမှာလက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လွိုင်ကော်မြို့အထွက်ဘက် ရှားတောမြို့ဘက်သွားတဲ့ ပါလောင်းကျေးရွာအနီး ၊ လွိုင်ကော်မြို့ကနေ မိုးဗြဲအထွက် ကယန်းသာယာကျေးရွာအနီး ၊ လွိုင်ကော်ကနေ ဒီးမော့ဆိုမြို့နယ်လမ်းမပေါ်ရှိ ၆ မိုင်ကျေးရွာ၊ ဒေါပိုးစီကျေးရွာ စတဲ့ မြို့ရဲ့ ထွက်ပေါက်တွေမှာဖြစ်နေတာကြောင့် ပြည်သူလူထုတွေက လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေကြတာဖြစ်ပါတယ်။

spot_img
spot_img