spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး စပါးကျီတစ်လုံး မီးလောင်ပြာကျ၊ နေအိမ်ထိခိုက်ပျက်စီးမှုရှိ

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ဖက်ကမ်းမှ ကရင်ကျေးရွာအုပ်စုရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ညောင်မွန်းကျေးရွာမှ စပါးကျီတစ်လုံး မီးလောင်ပြာကျပြီး နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“တိုက်ပွဲတော့ မဖြစ်ဘူး။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တော့ နေအိမ်တွေ ထိတယ်။ စပါးကျီတွေထိတော့ မီးလောင်သွားတယ်။ လွယ်ပေါအုပ်စု နန်းပေါ်လုံဖက်တော့ စစ်ကောင်စီတွေ အကုန်နေရာယူထားတယ်။ အခုလောလောဆယ် သူတို့ တောင်ပေါ်က စေတီမှာ အကုန်လုံး နေရာယူထားတယ်။ နန်းပေါ်လုံမှာ အိမ်တွေကိုလည်း မီးရှို့ထားတယ်” လို့ ကရင်ကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မီးလောင်ပြာကျသွားတဲ့ စပါးကျီထဲမှာ စပါးတွေကို သိုလှောင်ထားပြီး မီးလောင်ပျက်စီးကုန်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် လူနေအိမ်၊ စပါးကျီ၊ ရေချိုးခန်း၊ အိမ်သာ၊ လယ်ထွန်စက်နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု များပြားတယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်နေ့မှာ ကရင်ကျေးရွာအုပ်စုအတွင်းကို လက်နက်ကြီး ငါးလုံး ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ (မေလ ၂၂ ရက်) မနက်ပိုင်းမှာလည်း လက်နက်ကြီးပစ်ခတ်သံ၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ကရင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီမနက်အထိ လက်နက်ကြီးသံတွေကြားတယ်။ လက်နက်ငယ်သံတွေလည်း တစ်ကြိမ်နှစ်ကြိမ်ကြားတယ်။ တိုက်ပွဲဖြစ်လား၊ သူတို့ (စစ်ကောင်စီ) ပဲ ရမ်းသန်းပစ်တာလား မသိဘူး။ သူတို့က ခနခန သူတို့ဘာသာသူတို့ ပစ်တာလည်း ရှိတော့လေ” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့မှာ စစ်ကောင်စီနဲ့ PNO တို့ ဂိတ်ထိုင်ထားတဲ့ ထီရိကင်းစခန်းတစ်ခုကို KNDF နဲ့ PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၅ ဦးကို ဖမ်းဆည်းရမိခဲ့ပြီး လက်နက်တချို့ကို သိမ်းဆည်းရမိပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မေလ ၁၆ ရက်နေ့မှာ ဆောင်နန်းခဲကျေးရွာကို မီးရှို့ခဲ့ပြီး ၎င်းတို့ နေရာယူထားတဲ့ လွယ်ပေါအုပ်စုအတွင်ရှိ နန်းပေါ်လုံကျေးရွာမှ နေအိမ်တချို့ကိုလည်း မေလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဖယ်ခုံအင်းအရှေ့ဖက်ကမ်းမှ ဒေသခံပြည်သူ ၅ ထောင်နီးပါး စစ်ဘေးရှောင်နေရပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေဆဲ ဖြစ်ပါတယ်။

spot_img
spot_img