တိုက်ပွဲဖြစ်ပွားမှုကြောင့် လောကထု ကျေးရွာ ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံး၊ ဒေသခံထွက်ပြေးတိမ်းရှောင်နေရ

0
4791
ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့(ဇူလိုင် ၆ရက်နေ့)က ကရင်နီပြည် လွိုင်ကော်မြို့တွင်း လောပီတကျေးရွာအုပ်စု အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် (၂၆)နှစ်အရွယ် လောကထုကျေးရွာ ဒေသခံ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။

“လောကထုရွာထဲကို တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့ရွာရဲ့စာသင်ကျောင်းနားမှာဖြစ်တာ။ ဖြစ်ပြီးတော့မှ လက်နက်ကြီးနဲ့လှမ်းထုတာပေါ့နော။ ရွာထဲကို ၄၊ ၅လုံးလောက်ကျတယ်။ ဒါပေမယ့် အဲ့သေသွားတဲ့တစ်ယောက်က လက်နက်ကြီးကြောင့်သေတာမဟုတ်ဘူး။ သူ့ဘာသာသူ အိမ်ရှေ့ထွက်ချောင်းကြည့်တာလို့ပြောတယ်။ ထွက်ချောင်းကြည့်ရင်းနဲ့ အဲ့မျိုး ခေါင်းထိသွားတယ်ပြောတယ်။ လက်နက်ငယ်နဲ့ပဲ လက်နက်ကြီးထိတာတော့မဟုတ်ဘူး။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ယမန်နေ့ မနက်စောပိုင်းမှ ညနေပိုင်းအထိ KNDF ၊ KA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဖက်ကနေ လေယာဉ်ပစ်ကူအသုံးပြုသလို လက်နက်ကြီးပစ်ခတ်မှုများစွာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ဒီကနေ့အထိ မသိရှိရသေးသလို KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတွေကလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအချို့ကို သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ ရွှေညောင်ပင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အကူအညီတောင်းတာပေါ့ ဖုန်းဆက်ပြီးတော့လေ။ တိုက်ပွဲကတော့ ဖြစ်နေတာပေါ့။ ဖြစ်နေတဲ့ကြားကနေ အကူအညီတောင်းတော့ ကျနော်တို့ကလည်း ခွင့်ပြုချက်လေးတွေတော့ တောင်းတော့တောင်းရတာပေါ့နော။ ကျနော်တို့သွားပြီးခေါ်ပေးတာပေါ့ လူကတော့ မနေ့က (၈၀)လောက်ရှိပါတယ်။ ကားက ၃စီး သွားလိုက်ပါတယ်။ လမ်းမှာကျတော့လည်း အစစ်ဆေးတွေရှိတယ်လေ။ ကျနော်တို့ အကြောင်းကြားပြီးသွားတာတော့သွားတာပေါ့။ ရှေ့တန်းသွားတဲ့သဘောပဲပေါ့ဗျာ။ သူတို့ကတော့ တွေ့ရင်တော့ ရပ်ခိုင်းတယ် စစ်တယ်ပေါ့နော။ ဘာတွေဘာလဲပေါ့နော့။ အဲ့လိုအနေအထားလေးတော့စစ်ပါတယ်။ ” လို့ ရွှေညောင်ပင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ကတိုက်ပွဲကြောင့် ပိတ်မိတဲ့ဒေသခံအချို့လည်းရှိနေသေးပြီး ခွင့်ပြုထားတဲ့ ကျေးရွာအတွင်းသာ သွားရောက်ခေါ်ဆောင်ဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒေသတွင်း ပရဟိတအသင်းတွေကလည်း စစ်ဘေးရှောင်တွေကို သွားရောက်ခေါ်ဆောင်ဖို့ရှိနေပြီး လိုအပ်ပါက ဆက်သွယ်ပေးကြဖို့ လူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒေသခံအမျိုးသားတစ်ဦးကလည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်မှုကို “လက်နက်ကြီးကို အရှေ့မှာ အရင်ပစ်တယ်။ လက်နက်ကြီးက ဟိုး အိမ်နားမှာတချို့ကျတယ်။ အိမ်ရှေ့မှာလည်း တစ်လုံးကျတယ်။ သစ်ပင်ကြားတစ်လုံးကျတယ်။ ရေထဲ တစ်လုံးကျတယ်။ လေး၊ငါးလုံးကျတယ်။ လက်နက်ကြီးတွေက။ သစ်ပင်ကြားကျတဲ့ဟာက မကွဲဘူး။ အိမ်တွေထိတာတော့မရှိဘူး။ လက်နက်သေးတွေက လမ်းဘေးမှာ အများကြီးထိတယ်။ တောင်ဘက်ပြေးလာပြီး ကျောင်းရဲ့ တောင်ဖက်မှာ ဆက်ပစ်ရင်တော့ ဦးတို့ ရွာကအိမ်တွေ တော်တော်များများထိလိမ့်မယ်။ စစ်ကြောင်း ၁ ကနေ တောင်ဖက်ကို စစ်ကြောင်းထိုးလာတယ်။”လို့ ယမန်နေ့ တိုက်ပွဲအခြေအနေကို ပြောပါတယ်။

လွိုင်ကော်မြို့ လောပီတကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၁၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ် အထိုင်များတာကြောင့် တိုက်ပွဲဖြစ်ပွားပါက ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် တစ်နေ့လုပ်တစ်နေ့စားရတဲ့အခြေအနေကြောင့် စိုက်ပျိုးရာသီချိန်အတွင်း မရိတ်သိမ်းနိုင်တော့မှာကို စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စိုးရိမ်ပူပန်မှုတွေကတော့ အများကြီးရှိတာပေါ့နော။ အရင်ကဆို ကျွန်မတို့နဲ့ဝေးနဲ့နေရာမှာဘဲဖြစ်တော့ သိပ်မကြောက်ဘူး အခုတော့ ကျမတို့နဲ့နီးတဲ့နေရာမှာ ဖြစ်နေတော့ ပိုကြောက်ရတာပေါ့။ ပြီးရင် ကျမတို့လောပီတဖက်ကိုလည်း တပ်တွေက ဝိုင်းနေတော့ ပြေးဖို့နေရာမရှိဘူးပေါ့နော။ ပြေးမယ်ဆိုရင်လည်း ဘယ်နေရာပြေးရမလဲ ဘယ်လိုသွားရမယ် ဘယ်လိုရှောင်ရမလဲဆိုတာ မသိဘူး။ တကယ်လို့ ရှောင်ခဲ့မယ်ဆိုရင်လည်း ကျမတို့ စားဖို့သောက်ဖို့စိုးရိမ်တာပေါ့။ ပြီးတော့ ကျမတို့က အိမ်မှာပဲနေမယ်ဆိုရင်လည်း ပူပန်မှုတော့ရှိတယ် အိမ်ထဲမှာပဲအောင်းနေရမယ်ဆိုတော့ လေ။ ပြီးတော့ ရာသီသီးနှံစိုက်ပျိုးတဲ့ချိန် ရိတ်သိမ်းတဲ့ချိန် ရောက်ခါနီးဆိုရင်လည်း ပြန်ပြီးမရိတ်သိမ်းနိုင်မှာကိုလည်း ကြောက်တယ်။ ကျမတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာကိုး။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ လက်လှမ်းမီသလောက် ပြုစုထာတဲ့စာရင်းအရ သေဆုံးသွားတဲ့ အရပ်သား ပြည်သူ (၂၄၁)ဦးရှိတယ်လို့ ဇွန်လ (၃၀)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်တွင်းမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသွားပြည်သူအနေနဲ့ သတိထားသွားလာဖို့၊ သတင်းစကားနားစွင့်ဖို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတွေက တိုက်တွန်းနိုးဆော်ထားပါတယ်။