spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တောင်သူတွေကို တရားစွဲဆိုမှု ပြင်ဆင်ချက်တက်တဲ့အမှုတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်ဆို့မှုဖြစ်စေနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်းက တောင်သူအချို့ကို မြန်မာတပ်မတော်က ပြင်ဆင်ချက်တက်တဲ့အမှုတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်စုံတစ်ရာဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေမှာ တစ်ဆို့မှုဖြစ်စေနိုင်တယ်လို့ ကယားပြည်နယ်ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတွေက ထောက်ပြပြောဆိုပါတယ်။

“ဒီကိစ္စရပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လာပြီးသက်ရောက်တာပေါ့နော်။ အဲ့လိုရောက်လာတဲ့အခါမှာ အပြန်အလှန်ဆွေးနွေးမှုရဲ့ အားကောင်းဖို့အတွက် ပိုပြီးတော့မှအခက်အခဲဖြစ်စေတယ်။ အထူးသဖြင့်က ဆွေးနွေးညိုနိုင်းတဲ့အခါမှာ တစ်စုံတစ်ရာတော့ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ပိုပြီးတော့မှ အခက်အခဲဖြစ်စေတယ်ပေါ့နော်။ ဘာလို့လဲဆိုရင် တာကရေရည်ဖြေရှင်းရမယ့်ကိစ္စဖြစ်သော်လည်းပဲ နှစ်နာတဲ့ပြည်သူလူထုအတွက်က လတ်သလောလိုအပ်ချက်ဖြစ်နေတယ်။ ကြားထဲမှာ ညိုနိုင်းဖြေရှင်းတဲ့အခါမှာ ငြိမ်းချမ်းရေးကို ရှေ့ဆက်သွားနိုင်ဖို့အတွက် တစ်ဆို့မှုဖြစ်တဲ့အကြောင်းအရာတစ်ခုလို့ပြောလို့ရတယ်ပေါနော်” လို့ ကိုမာတီယားကပြောပါတယ်။

အဲလို တောင်သူတွေကိုတရားစွဲဆိုတာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးကိစ္စရပ်တွေ ပြန်လည်သင့်မြတ်ရေးကိစ္စရပ်တွေ ဖယ်ဒရယ်ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုလုပ်တဲ့အခါ ပြည်သူလူထုတွေရဲ့ တောင်းဆိုမှုတွေရှိလာတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ သက်ရောက်မှုရှိတယ်လို့ ၎င်းဆိုပါတယ်။

ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ်ရှိ တပ်မတော်တပ်ရင်းဖြစ်ကြတဲ့ အမတ (၃၅၆)၊ ခမရ (၂၅၀) နှင့် ဒီးမော့ဆိုမြို့နယ်ရှိ အမတ (၃၆၀) တို့ က တောင်သူလယ်သမား ၃၇ ဦးနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဝန်ထမ်း(၃)ဦး စုစုပေါင်း (၄၀) ဦးတို့ကို တပ်ရင်းမှ တာဝန်ရှိသူတွေက တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုခံရတဲ့ အမှုတွေကို ပြီးခဲ့တဲ့ မတ်လအတွင်းက တရားရုံးအသီးသီးက ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်လိုက်ပေမယ့် ပြစ်ဒဏ်နည်းလို့ဆိုပြီး မြန်မာ့တပ်မတော်က ပြည်နယ်လွှတ်တော် တရားရုံးထိ တောင်သူတွေကို ပြင်ဆင်ချက်တက်ခဲ့တာဖြစ်ပါတယ်။

တောင်သူတွေ မြေသိမ်းခံရ တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး တောင်သူတွေမတရားခံနေရသလို ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာလည်း သံသယတွေနဲ့ယုံကြည်မှုတွေ ထိခိုက်နိုင်တယ်လို့ တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီက ပြောပါတယ်။

ကိုဒီးဒီက “ငြိမ်းချမ်းရေးဖက်မှာလည်း ဒီလိုလုပ်ရပ်တွေက ထိခိုက်စေပါတယ်။ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာလည်း တောင်သူတွေမတရားခံနေရတာတောင်မှ အဲ့လိုလုပ်တယ်ဆိုရင်တော့ သူတို့နဲ့ထိပ်တိုက်တွေ့ရမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ သူတို့နိုင်ငံရေးအရလိုက်လျော်ရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တွေဆိုရင်တော့ ယုံကြည်မှုတွေအများကြီးထိခိုက်နိင်တယ်ပေါ့နော်။ သံသယဖြစ်စရာတွေအများကြီးဖြစ်လာနိုင်တဲ့အတွက် အဲ့ဒါကကောင်းတဲ့လုပ်ရပ်တော့မဟုတ်ဘူးလို့ပြောချင်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးဖက်ကနေစဉ်းစားမယ်ဆိုရင်လည်း တောင်သူတွေကို နိုင်ငံရေးအရအမြတ်ထုတ်နေသလို စိတ်အနှောက်အယှက်ဖြစ်အောင် အချိန်ကုန် ငွေကုန် ပင်ပန်းအောင်လုပ်နေတယ်လို့ ကိုဒီးဒီက ဆက်ပြောပါတယ်။

တပ်က တောင်သူတွေကို ပြင်ဆင်ချက်တက်တဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီဖြစ်ကြတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် ကယန်းအမျိုးသားပါတီ(KNP) တို့က တောင်သူလယ်သမားတွေနဲ့ပြည်သူလူထုတွေကို ဖိနှပ်တာတွေ အစိုးရရဲ့ဝင်ရောက်ညှိနှိုင်းဖြေရှင်းသင့်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ခြင်း လုပ်ငန်းအောင်မြင် ဖြစ်ထွန်းရေးအတွက် တစ်တိုင်းပြည်လုံးက ကြိုးပမ်းဆောင်ရွက်ချိန်မှာ တပ်မတော်က အဲလိုပြုမူဆောင်ရွက်နေတာက နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက် ဒုက္ခတွင်းသို့ တွန်းပို့နေတယ်လို့ ဇူလိုင်လ (၁၅)ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ချင်တယ်ဆိုရင် တောင်သူတွေကို ပြင်ဆင်ချက်တက် တရားစွဲဆိုတာတွေမဖြစ်သင့်တော့ဘူးလို့ ကယန်းအမျိုးသားပါတီဥက္ကဌခွန်းဘီထူးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

“တပ်မတော်တို့ အစိုးရကနေပြီးတော့ ဒီလိုမတရားမှုကို ချက်ချင်းကိုပြင်ဆင်ပေးပါ။ တောင်သူတွေကို တရားစွဲတဲ့အပေါ်မှာကော မဟုတ်မမှန်ဘဲ ကုန်ကျစရိတ်တွေကိုပြပြီးမှ ဒီဟာတွေကို ထပ်ပြီးပြင်ဆင်တရာစွဲတာတော့ လုံးဝမဖြစ်သင့်တော့ဘူး။ ခင်ဗျားတို့လိုချင်တဲ့ပြန်လည်သင့်မြတ်ရေး တောင်သူတွေအခွင့်အရေးကို ဖော်ဆောင်ချင်တယ်ဆိုရင် ဒီနည်းနဲ့တော့ လုပ်ဖို့မသင့်တော်ဘူးဆိုတာလည်း ပြောချင်ပါတယ်” လို့ ခွန်းဘီထူးက ဆိုပါတယ်။

လက်ရှိအချိန် ကယားပြည်နယ် (ကရင်နီပြည်) မှာ လူထုတွေကြုံတွေ့နေရတဲ့ပြသနာတွေ၊ ကရင်နီလူငယ်အင်အားစုနဲ့ပြည်နယ်အစိုးရကြားက ပြသနာတွေ၊ စစ်တပ်နဲ့တောင်သူတွေကြားက လယ်ယာမြေပြသနာတွေဖြစ်နေတာတွေဟာ အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အကြားယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေသေးတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ KNPP အထွေထွေအတွင်းရေးမှူးရွေမျိုးသန့်က ကန္တာရဝတီတိုင်း(မ်)ရဲ့ အင်တာဗျူးတွေ့ဆုံခန်းတွေမှာ ထောက်ပြပြောဆိုဖူးတာတွေ ရှိခဲ့ပါတယ်။

(KNPP) နှင့် ပြည်နယ်အစိုးရအကြား ချုပ်ဆိုထားတဲ့ နှစ်ဦးနှစ်ဘက်သဘောတူညီမှုစာချုပ် (Bilateral Agreement) အရ KNPP နှင့် ကယားပြည်နယ်အစိုးရတို့ ပြည်နယ်အတွင်းမြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းဖို့ တစ်လတစ်ကြိမ်တွေ့ဆုံမယ်ဆိုတဲ့ အချက်ပါရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေကိုသာ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts