spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ထာဝရငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီဖိတ်ခေါ်မှုအပေါ် ဆွေးနွေးဖို့မရှိဘူးလို့ KNPP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီက ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တဲ့အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တစ်ဖွဲ့တည်းအနေနဲ့ဆွေးနွေးဖို့မရှိဘူးလို့ KNPP အတွင်းရေးမှူး (၁) ခူဒယ်နီယာက ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

“အဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာကတော့ လက်ရှိက တစ်ဖွဲ့တည်းအနေနဲ့ကတော့ ဆွေးနွေးဖို့ကမရှိဘူး။ တကယ်လို့ တခြားတိုင်းရင်းသားတွေအားလုံးက ဆွေးနွေးဖို့ရှိတယ်ဆိုရင်တော့ ဒါအားလုံးပါဝင်ကြမှာပါပဲ။ ဒါပေမယ့် အခုကတော့ ဘယ်သူမှတော့ ဘားမှမပြောသေးဘူး။”

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်း နဲ့ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြား ထားတဲ့အပေါ် အခုလို တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဆွေးနွေးမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ဖို့ ရည်ရွယ်ချက်ထားရှိကြောင်း ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာမနေချင်ကြတဲ့ လူထုတစ်ရပ်လုံးက တော်လှန်နေကြသလို နေရာတိုင်းမှာ တိုက်ပွဲကဆက်ဖြစ်နေအုံးမှာဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့အပြီးဖြတ်ရမှာဖြစ်တယ်လို့ ခူဒယ်နီယာက ဆိုပါတယ်။

သို့ပေမယ့် တစ်ဖွဲ့ထဲ တစ်နေရာထဲမှာ ဆွေးနွေးလို့မရသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ကြရမှာဖြစ်ပီး အနိုင်ရပါတီစုံလည်း ပါဝင်မှသာ ပြီးမြောက်မယ်လို့ ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒါကတော့ တိုက်ပွဲဆိုတာကတော့ သူတို့အဖွဲ့တိုင်းကတော့လုပ်နေကြမှာပဲ လူထုတစ်ရပ်လုံးက ပါဝင်နေတယ် လူထုတစ်ရပ်လုံးကလည်း တော်လှန်ရေးလုပ်နေတယ် စစ်အာဏာရှင်အောက်မှာမရှိချင်ဘူး မနေချင်တဲ့လူတိုင်းတွေဖြစ်နေတော့ နေရာတိုင်းမှာ တိုက်ပွဲတော့ ဆက်ဖြစ်နေအုံးမှာပဲ။ သို့သော် ဒီတိုက်ပွဲနဲ့ပဲပြီးမလားဆိုတာကလည်း ပြောလို့မရဘူး။ နိုင်ငံရေးကတော့ ဆွေးနွေးစရာရှိတာဆွေးနွေးရမယ် နိုင်ငံရေးနဲ့အပြီးဖြတ်ရမှာပေါ့။ အဲ့ဒါတွေကတော့ လုပ်သင့်တယ်။ ဒါပေမယ့် တစ်ဖွဲ့ထဲအနေနဲ့ တစ်နေရာထဲမှာပဲ သွားဆွေးနွေးလို့မရဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ဖို့လိုတယ်။ ဒီနောက်ပိုင်းကလည်း ပါတီအဖွဲ့အစည်းတွေ အေပေါ့ ပါတီဆိုတာက အဓိက အရင်ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ သူတွေပါဝင်ဖို့တော့လိုလိမ့်မယ် ဒါမှပြီးမယ်။”

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသာမက NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

KNPP ဟာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်နယ်အဆင့်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်အုပ်စုလို့သတ်မှတ်ထားတဲ့ NUG၊CRPH ကို ငြိမ်းချမ်းရေးဖိတ်ခေါ်တာမရှိသလို ဆွေးနွေးတဲ့နေရာမှာ နိုင်ငံရေးတစ်ပိုင်း၊ စစ်ရေးတစ်ပိုင်းပါဝင်ရမှာဖြစ်တဲ့အတွက် အဖွဲ့အစည်းခွဲခြားလို့မရဘူးလို့ ခူဒယ်နီယာက ဆက်ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဆိုတာက PDF တို့ သူတို့အနေနဲ့သတ်မှတ်တာပေါ့။ အမှန်ကတော့ ဒီအချိန်မှာ ဒီလုပ်ရပ်တွေက အကြမ်းဖက်ပါတယ် လူထုတစ်ရပ်အနေနဲ့ပြောလို့တော့မရဘူး။ ဘာဖြစ်လဲဆိုရင် သူတို့ကိုယ်၌က ဒီထက်အဆပေါင်းများစွာ သူတို့ကပိုပြီးအကြမ်းဖက်တယ်။ ဆွေးနွေးတဲ့နေရာမှာခွဲခြားလို့တော့မရဘူး NCA က NCA ထိုးထားပြီးသားအဖွဲ့က ကျနော်တို့အနေနဲ့က NCA ကမရှိတော့ဘူး။ သူတို့အာဏာသိမ်းပြီးကတည်းကိုက NCA မရှိတော့ဘူး ပျက်ပြယ်ပြီဆိုတာကတော့ ကျနော်တို့ဒီလည်းပဲယုံကြည်တယ်။ ကျန်တဲ့လက်မှတ်ထိုးတဲ့အဖွဲ့တွေထဲမှာ တချို့ကလက်ခံထားတုန်းရှိသေးတယ် တချို့ကလည်း ပျက်ပြီဆိုတာကတော့ ပြောထားပြီးသားပဲ။ အဲ့တော့ ငြိမ်းချမ်းရေးပြန်ဆွေးနွေးမယ်ဆိုရင် ဒီလိုအဖွဲ့တွေခွဲပြီးမှ အဆင့်တွေခွဲပြီးမှ ဆွေးနွေးလို့တော့မရဘူး။ အဆင့်ခွဲလိုက်ရင် အရင်တုန်းက အဆင့်ခွဲပြီးမှ သူ လုပ်ခဲ့လို့ပဲ ဒီလိုပြန်ဖြစ်လာတာပေါ့။ ဆိုတော့ အမှန်ကတော့ ဒီအချိန်မှာက နိုင်ငံရေးတစ်ပိုင်း စစ်ရေးတစ်ပိုင်း သူအားလုံး နှစ်ပိုင်းပဲရှိရမှာပေါ့လေ။ အဖွဲ့အစည်းကိုခွဲပြီးမှ သူသွားသတ်မှတ်တော့ ဘယ်လိုမှမပြေလည်ဘူး။”

စစ်ကောင်စီက NUG၊CRPH ကို အကြမ်းဖက်စစ်အုပ်စုလို့သတ်မှတ်ထားပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) အနေနဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကို အလေးမထားဘူးလို့ DMO-PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့(စစ်ကောင်စီ) ထုတ်ပြန်တဲ့ စာတွေကို ကျနော်တို့အလေးမထားပါဘူး။ ကျနော်တို့က NUG ကနေပဲ တိုက်ရိုက်လာတဲ့အမိန့်၊ စစ်ဆေးမှု အောက်မှာပဲ ကျနော်တို့နေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် သူတို့ထုတ်ပြန်ချက်ကိုလည်း ကျနော်တို့အလေးမထားပါဘူး။”

စိန်ရတုပြည်ထောင်စုနေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး အချိန်မီတက်ရောက်ကြဖို့နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြဖို့ စစ်ကောင်စီက အထူးဖိတ်ကြားထားတာပါ။

လာမယ့် ဖေဖော်ဝါရီလ ၁၂ရက်နေ့အတွက် အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့အနက် အများစုမှာ တက်ရောက်ဖို့ပြင်ဆင်နေကြတယ်လို့ ဇန်နဝါရီလ ၈ရက်နေ့က RFA သတင်းမှာဖော်ပြထားပါတယ်။

လက်ရှိ ကရင်နီပြည်အတွင်းမှာတော့ စစ်ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ခုနှစ် မေလ ၂၁ ရက်နေ့ကနေ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အထိ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခုနှစ်သောင်းကျော်က ဒုက္ခအတိ ရောက်နေကြရပါတယ်။

spot_img
spot_img

Recent posts