ထိမ်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို အမြန်ဆုံးလွတ်ပေးဖို့ နဲ့ အာဏာသိမ်းတဲ့အပေါ် ကန့်ကွက်ကြောင်း KySDP ထုတ်ပြန်

0
678

ကန္တာရဝတီတိုင်း (မ်)

မြန်မာတပ်မတော်ကနေ နိုင်ငံအာဏာသိမ်းယူမှုနဲ့ စပ်လျဥ်းပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဒီကနေ့မှာ သဘောထားထုတ်ပြန်ချက် တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ကြေညာချက်မှာ မြန်မာတပ်မတော်စစ်အာဏာသိမ်းယူခြင်းကို ပါတီအနေနဲ့ ကန့်ကွက်ကြောင်း၊ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို ဖော်ပြထားပါတယ်။

“အခု လက်ရှိ အာဏာသိမ်းတယ်လို့ပဲပြောပြော၊ အာဏာထိန်းတယ်လို့ပဲပြောပြောပေါ့နော်။ ဒီလိုတပ်မတော်ကနေလုပ်သွားတဲ့အပေါ်မှာကတော့ ကျနော်တို့အနေနဲ့ကလဲ ထောက်ခံတာတွေတော့မရှိဘူးပေါ့နော်။ ဘာလို့လဲဆိုရင် အာဏာသိမ်းပြီဆိုကတည်းက ကြားလို့လဲမကောင်းဘူး။ အာဏာသိမ်းတဲ့ဖြစ်စဥ် စစ်အုပ်ချုပ်တဲ့ဖြစ်စဥ် တွေကလဲ သမိုင်းမာလဲမကောင်းတဲ့ခါကျတော့၊ ဒီလိုလုပ်တယ်ဆိုတာကလဲ မကောင်းတဲ့လက္ခဏာလို့ ကျနော်မြင်တယ်၊ အပေါင်းလက္ခဏာဆောင်တဲ့အနေအထားမရှိဘူးလို့ မြင်တဲ့အတွက် ကျနော်တို့ ထုတ်ပြန်တာဖြစ်တယ်” ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် မြန်မာတပ်မတော်အနေဖြင့် ပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

“ဒီမဲမသမာမှုကိစ္စတစ်ခုထဲနဲ့ ဒီလိုအာဏာသိမ်းတယ်ဆိုတာကတော့ ကျနော်တို့ အနေနဲ့က လက်ခံရ ခက်ပါတယ်။ မသမာမှုမရှိဘူးလို့ ကျနော် တစ်ထစ်ချမပြောနိုင်ဘူး။” လို့ ဦးသဲရယ်ကပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ရဲ့ ရွှေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေး ဖိနိုပ်ခံရမှုတွေကို ပြည်သူတွေရှေ့က ရပ်တည်ပြီး ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာရှိတဲ့ အနက် ၈ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။