spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒီဇင်ဘာလ (၁၇) ဟွေအောကျေးရွာအနီး ပစ်ခတ်မှု အဖြစ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးနေ

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ဘောလခဲမြို့ ရွာသစ်မြို့နယ် ဟွေအောကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း အများပြည်သူ တိကျမှန်ကန်စွာ သိရှိနိုင်ရေးနဲ့ အဖြစ်မှန်ရှင်းလင်းထုတ်ပြန်နိုင်ရေးအတွက် သတင်းအမှန် အချက်အလက်စုဆောင်းရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ KNPP က ဒီကနေ့ ( ဒီဇင်ဘာလ ၂၄ ရက် ) နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဟွေအောဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) ကိုယ်စားလှယ်တွေနဲ့ အမြန်ဆုံးပူးပေါင်းပြီး အဲဒီအဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဟွေဟောဖြစ်စဉ်မှာ စစ်ကောင်စီတပ်တွေကနေ ရိက္ခာသယ်ယူပို့ဆောင်နေပြီး စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ဆိုင်ရှုပ်ထွေးနေတဲ့ အချိန်ကာလဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) ရဲ့ ယမန့်နေ့ ( ဒီဇင်ဘာလ ၂၃ ရက်နေ့ ) ထုတ်ပြန်ချက်မှာတော့ ဟွေအောကျေးရွာအနီးမှာ KNPLF ရဲဘော်နဲ့ အရပ်သားလိုက်ပါလာတဲ့ မော်တော်ယာဉ်တစ်စီး ကြိုတင်ပြင်ဆင်စောင့်ဆိုင်းပြီး တိုက်ခိုက်ပစ်ခတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း KNPLF ရဲဘော် ၆ဦးနဲ့ အရပ်သား ၂ဦး သေဆုံးခဲ့ရပြီး KNPLF ရဲဘော်သုံးဦး ဖမ်းဆီးညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရတယ်လို့ KNPLF ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အဲဒီဟွေအောဖြစ်စဉ်အတွင်း အဓိကပါဝင်ပတ်သက်နေတဲ့ KA တပ်ရင်း ( ၂ ) က တရားမျှတမှုပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့နဲ့ နောင်တော်လှန်ရေးတစ်လျှောက်လုံးမှာ အခုလို ဖြစ်စဉ်ထပ်မံမဖြစ်ပွားဖို့ KNPLF ကနေ မိမိကိုယ်ကိုယ်ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ တစ်ပါတည်းဖော်ပြထားပါတယ်။

KNDF ကလည်း ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ KNDF တပ်ရင်း ( ၂၁ )ကို ဖြစ်စဉ်တင်ပြပေးဖို့ KNDF ဥက္ကဌ ခွန်းဘီးဒူလက်မှတ်နဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့မှာ လျှို့ဝှက်အမိန့်ညွှန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။

“ KNDF အနေနဲ့ ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးရေးလုပ်နေတယ်။ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ တပ်ပေါင်းစု ( ကရင်နီတပ်ပေါင်းစု ) ကို မေးမြန်းစစ်ဆေးချက် မရသေးတဲ့အတွက် အစောတလျှင် မှတ်ချက်မပေးလိုဘူး။ ယခုလအတွင်း ထုတ်ပြန်နိုင်ပါလိမ့်မယ်။ “ လို့ KNDF ဥက္ကဌ ခွန်းဘီးဒူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ဒီဇင်ဘာလ ၂၃ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

အဲဒီအခင်းဖြစ်ပွားနေတဲ့နေရာကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ပြည်သူလူထုအနေနဲ့ ဟွေအောကျေးရွာအပါအဝင် တချို့နေရာတွေကို ကုန်းလမ်း၊ ရေလမ်းပါ မသွားလာကြဖို့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ကရင်နီတပ်မတော် ( KA ) တပ်ရင်း ( ၂ ) က ထုတ်ပြန်ထားပါတယ်။

“ ဒီနန့်ပန်မှာ တိုက်ပွဲတွေဖြစ်တာ မကြာသေးဘူးပေါ့နော။ နောက်ပြီးတော့မှ ဒီအရေးအခင်းက အတိအကျ အချက်အလက်တွေက မရသေးခင်မှာ အဲဒီနေရာကို မသွားမလာဖို့ ဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ သွားစစ်ဆေးဖို့ လိုတယ်လေ။ ဒီသွားစစ်ဆေးရမယ်။ နှစ်ဦးနှစ်ဖက်သွားစစ်ဆေးရမယ်ဖြစ်တဲ့အတွက် တခြားမသက်ဆိုင်တဲ့လူတွေကို မသွားခိုင်းစေချင်တဲ့ သဘောမျိုးနဲ့ ထုတ်ပြန်တာပါ။ ဒါကတော့ ရည်ရွယ်ချက်ပေါ့နော။ “ လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

ကရင်နီတပ်တော် ( KA ) ဟာ ကရင်နီပြည်မှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေထဲက အစောဆုံး ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ပေါင်းစုထဲက ဖြစ်ပါတယ်။ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) ဟာ ကရင်နီတပ်တော် ( KA )ကနေ ခွဲထွက်လာတဲ့ တော်လှန်ရေးတပ်ပေါင်းစု တစ်ခုဖြစ်ပါတယ်။ KNPLFသည် ၁၉၇၈ ခုနှစ်တွင် KNPPမှ ခွဲထွက်ပြီး ၁၉၉၄ခုနှစ်တွင် စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲကာ ၂၀၀၉ခုနှစ်တွင်း ၎င်း၏ တပ်အချို့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။ မယ်စဲ့မြို့နယ် ဟိုစဲ့ ကျေးရွာတွင် အခြေစိုက်သည့် KNPLFတွင် အမှတ် ၁၀၀၄ နဲ့ ၁၀၀၅ နယ်ခြားစောင့်တပ်ရင်း ၂ခုရှိပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ KNDF ဟာ KA အပါအဝင် ကရင်နီပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။

spot_img
spot_img