spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒီနှစ်စိုက်ပျိုးရာသီမှာ တောင်သူတချို့ ဝမ်းစာဖြေရှင်းနိုင်ရုံသာ စိုက်ပျိုးနေရ


ကန္တာရဝတီတိုင်း(မ်)


တိုက်ပွဲဖြစ်ပွားလာတာ တစ်နှစ်ကျော်ကာလ ရှိနေပြီဖြစ်တဲ့ ကရင်နီပြည်မှာ တောင်သူတွေဟာ ယခုနှစ်စိုက်ပျိုးရာသီမှာ စားလောက်ရုံအတွက်သာ စိုက်ပျိုးရေးကြရတယ်လို့ ဆိုပါတယ်။

ယခုနှစ်အတွက် စိုက်ပျိုးရာသီရောက်ပြန်ရောက်လာပေမယ့်  တောင်သူအများစုဟာ စစ်ရှောင်ရတဲ့အတွက် သီးနှံလုံးဝ မစိုက်ပျိုးနိုင်တဲ့ သူတွေတောင် ရှိနေတယ်လို့ဆိုပါတယ်။  


“ကျွန်တော်မှာ လယ်၊ တောင်ယာတော့ ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံးလုပ်စားဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဆီစျေးတွေ မြေသြဇာတွေ စျေးအရမ်းတက်နေလို့လေ။ ဒီနှစ်တော့ စီးပွားရေးအဖြစ် မစိုက်နိုင်တော့ဘဲ မိသားစု တစ်နှစ်သာ အစားအသောက် ဖူလုံရေးဖို့လောက်ပဲ စိုက်စားမယ်။ တောင်ယာလုပ်ရင် မြေသြဇာဖိုး သက်သာတာပေါ့ ဒါပေမဲ့ ကျွန်တော်တောင်ယာက ရွာပေါ်မှာဆိုတော့ မိုင်းတွေ မကွဲသေးတဲ့ လက်နက်ကြီးအလုံးတွေ ရှိသေးတာကြောင့် သွားမလုပ်ရဲဘူး။” လို့ လွိုင်ကော်မြို့နယ် မြောက်ဖက်ခြမ်းမှ တောင်သူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာအပါအဝင် ကုန်စျေးနှုန်း တွေတက်နေတာကြောင့်လည်း အရင်လို မစိုက်ပျိုးနိုင်ကြဘူးလို့ ဆိုပါတယ်။

တချို့ တောင်သူတွေရဲ့ ယာခင်းဘေးတွေ၊ ကျေးရွာ အနီးနားတွေမှာ မကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ၊ မြေမြုပ်မိုင်းတွေရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။



တောင်ယာစိုက်ပျိုးရေးသွားလုပ်တဲ့ အချိန်တွေဆိုရင်လည်း  လမ်းခရီး အခြေအနေကို အရင်စုံစမ်းရပြီး သွားလာနေရတယ်လို့ အမျိုးသမီးတောင်သူတစ်ဦးကပြောပါတယ်။


“သွားရလာရတာလည်း လည်းကြောက်ရတယ်။ ပြီးတော့ စီးပွားရေးကလည်း ဘာအလုပ်အကိုင်မှလည်း မရှိတော့ ကုန်ဈေးနှုန်းကလည်း ဈေးတက်တယ် ။ ကလေးကျန်းမာရေးကြည့်မယ်ဆိုလည်း ဆေးဖိုးဝါးခလည်း အရမ်းကုန်ကျတယ်။ ဒီနှစ်စိုက်ပျိုးရေးမှာ အရမ်းနှစ်နာတာ့ပေါ့နော် ကျမတို့ စက်ငှားရမ်းခလည်း မငှားနိုင်ဘူး မြေဆီလည်း မထည့်နိုင်ဘူး တနိုင်တပိုင်လေးပဲ ကျမတို့ လုပ်နိုင်တယ်။” လို့ အမျိုးသမီးတောင်သူတစ်ဉီးက ပြောပါတယ်။


ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီမှာတုန်းကလဲ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ အတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေကို မရိတ်သိမ်းလိုက်နိုင်တဲ့ တောင်သူတွေလည်းရှိခဲ့ပါတယ်။



ကရင်နီပြည်နဲ့ ရှမ်းတောင်ဒေသ တွေမှာ ပြည်သူတွေရဲ့ နေအိမ်၊ စပါးကျီတွေကို စစ်ကောင်စီမှ တမင်မီးရှို့ဖျက်ဆီးတာတွေ ရှိသလို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ထိခိုက်ပျက်စီးသွားတာတွေလည်း အမြောက်အများရှိနေပါတယ်။

spot_img
spot_img