spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဒီမော့ဆိုအရှေ့ဖက်ခြမ်းမှာ မူးယစ်ဆေးဝါးအလုံး (၃၀၀၀) ခန့် ဖမ်းဆီးရမိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ အမှတ် (၁) ခရိုင်မှ ကရင်နီတပ်မတော် KA/ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-09 တို့ ပူးပေါင်းပြီး မေလ ၁၅ ရက်နေ့ ညနေ (၇) နာရီ ဝန်းကျင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ သုံးဦးထံကနေ ဆေးပြား အလုံး (၃၀၀၀) ခန့် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

“သူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတယ်ဆိုတာ ကျတော်တို့ သတင်းကြားတာ ကြာပြီပေါ့နော်။ ဒီအုပ်စုအတွင်းမှာ အကုန်လုံးက သူလိုက်ဖြန့်ပေးနေတာ။ အထူးသဖြင့် လူငယ်တွေ ပျက်စီးတာ သူ့ကြောင့်ပဲလို့ ကျတော်တို့ ယူဆလို့ရတယ်ပေါ့။ သူတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူ လက်ထဲပဲ လွှဲအပ်ဖို့ ရှိပါတယ်။” လို့ အမှတ်(၁) ခရိုင် မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးထဲမှ တစ်ဦးဟာ ယခင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် နေထိုင်တာဖြစ်ပြီး လက်ရှိမှာ ဒီးမော့ဆိုအရှ့ဖက်ခြမ်းမှာ လာရောက် ရှောင်တိမ်းနေတာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်နေတာ (၄) နှစ်ကျော်ရှိပြီဖြစ်ပြီး ကျန်နှစ်ယောက်မှာ သူ့ဆီကနေ တစ်ဆင့်ဝယ်ယူပြီး ပြန်လည်ရောင်းချတာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ပြည်သူတွေရဲ့ သတင်းပေးမှုအရ KA/KNDF B-09 တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူ သုံးဦးကို သူတို့နေထိုင်ရာအိမ်အထိ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူထံ လွှဲအပ်ထားတယ်လို့ အမှတ်(၁) ခရိုင် မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အမှတ်(၁)ခရိုင်ရှိ ကျေးရွာတစ်ရွာမှာ ၂ လုံးထီထိုးပြီး မူးယစ်ဆေး သုံးစွဲနေတဲ့ ပြည်သူတစ်ဦးကို မိသားစုဝင်က KNDF B-10 ကို လာရောက်တိုင်ကြားတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားတာလည်း ရှိပါတယ်။

spot_img
spot_img