spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ နှစ်ပတ်စာသာကျန်ရှိ

ဓါတ်ပုံ – Free Burma Ranger

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူအတွက် စားနပ်ရိက္ခာ နှစ်ပတ်စာသာ ကျန်ရှိတော့သလို လတ်တလောမှာလည်း မိုးရွာသွန်းနေတဲ့အတွက် မိုးကာ၊ ခြင်ထောင်၊ အနွေးထည်၊ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာက ပြောပါတယ်။

“ဒီအပတ်ထဲမှာ မိုးကတော်တော်ပြန်ရွာတယ်ပေါ့ ၂၄၊ ၂၅ ကတည်းက ခုချိန်ထိပေါ့နော။ ရက်တိုင်းမိုးရွာတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ အခုလောလောဆယ် အများဆုံးကြုံတွေ့နိုင်တဲ့ အခက်အခဲကတော့ နေဖို့ထိုင်ဖို့ပေါ့နော အခက်အခဲတွေအများကြီးရှိတယ်။ အထူးသဖြင့် မိုးကာတွေမလုံလောက်တာတွေ ခြင်ထောင်တွေ မိုးလည်းရွာတယ် အေးလည်းအေးတယ်ပေါ့။ အဲဒါကြောင့်မလို့ ကလေးတွေအတွက် အနွေးထည်တွေလိုလာတယ်။ နောက်ပြီးတော့ တချို့ဆိုရုတ်တရက်ထပြေးတာရှိတယ် တချို့ဆို ကြိုပြေးတာရှိတယ်ပေါ့။ စားဖို့သောက်ဖို့ကတော့ ဒီတစ်ပတ်နှစ်ပတ်အတွင်းကတော့ ခံနိုင်ရည်တော့ရှိသေးတယ်ပေါ့နော။ ဆေးဝါးကတော့ လူထုအများဆုံးကတော့ ဆေးဝါးတောင်းဆိုမှုက တော်တော်မြှင့်တက်လာပါတယ်။ ဒါကတော့ လောလောဆယ် ကြုံတွေ့နေရတဲ့အခက်အခဲတွေပါ။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း စက်တင်ဘာ ၂၃ရက်နေ့ ညပိုင်းမှာ ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်တဲ့အတွက် ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံပြည်သူ ၅ထောင်နီးပါး ညတွင်းချင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း ရိက္ခာပို့လမ်းကြောင်းမှာ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း လမ်းသွားပြည်သူကို စစ်ဆေးမေးမြန်းမှုမရှိဘဲ ပစ်ခတ်မှုရှိနေပြီး မင်္သကာလျှင် ဖမ်းဆီးမှုရှိနေတဲ့အတွက် ရိက္ခာသယ်ယူတဲ့အခါ အခက်အခဲရှိနေပြီး စစ်ဘေးရှောင်ပြည်သူအတွက် ရေရှည်မှာ အခက်အခဲအများကြီးဖြစ်စေနိုင်တယ်လို့ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒီမော့ဆိုအရှေ့ဖက်ခြမ်းမှာက စက်တင်ဘာလ တစ်လလုံးပေါ့နော။ ရိက္ခာပို့လမ်းကြောင်းက လုံးဝပိတ်ဆို့သွားတဲ့အနေအထားမှာရှိတယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ဒေါငံခါးတို့ ကုန်းသာတို့ သေးဆူလဲတို့ဖက်မှာ တိုက်ပွဲပြင်းထန်တော့ ပိုဆိုးသွားတယ်။ အရင်ကသွားနေကြ အဲ့ဖက်သွားတာလေ ဆိုတော့ အခုကမရတာ့ဘူး။ တိုက်ပွဲပိုပြင်းထန်လာတော့ ပို့ဆောင်ရေးလမ်းကြောင်းက လုံးဝမရတော့ဘူးပေါ့နော။ ဘယ်လမ်းကြောင်းမှကိုမရတော့ဘူး။ ဆိုတော့ စစ်ရှောင်ကြားမှာ ရောက်ထားလက်စ ရိက္ခာတချို့နဲ့ပဲအခု ချွေတာပြီးတော့မှ ဖြန့်ဝေပေးနေတယ်ပေါ့နော။ ဆိုတော့ အခြေအနေကတော့ ဒီလိုပဲ ထပ်ပြီးတော့ ပြင်းထန်မယ် လမ်းကြောင်းလည်း ရှာမရတော့ဘူးဆိုတော့ ရေရှည်မှာတော့ အခက်အခဲအများကြီး ဖြစ်နိုင်တယ်ပေါ့။ အခုလောလောဆယ်ကတော့ တစ်ပတ်စာနှစ်ပတ်စာလောက်တော့ တောင့်ခံနိုင်သေးတယ်လို့ ပြောလို့ရတယ်ပေါ့နော။” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း စစ်ဘေးရှောင်တစ်နေရာမှာ စစ်ရှောင်ဒေသခံပြည်သူ ၆ထောင်ဝန်းကျင်ရှိနေပြီး စားသောက်ဖို့အတွက် ဆန်အလွန်ဆုံး နှစ်လစာကျန်ရှိနေပေမယ့် ရိက္ခာခြောက် မရှိဘူးလို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက “လောလောဆယ် လှောင်တော့လှောင်ထားတယ်ပေါ့လေ။ တစ်လစာတော့တောင့်ခံလို့ရသေးတယ်ပေါ့ အလွန်ဆုံးနှစ်လပေါ့။ ရိက္ခာခြောက်တွေတော့ တော်တော်လိုအပ်တယ် တော်တော်ရှားတယ်။ သွားလာရေးကလည်း ခက်ခဲတော့။” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေအတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် ဆေးဝါး၊ ရိက္ခာခြောက်၊ အနွေးထည်၊ သွားလာရေးအတွက် စက်သုံးဆီတွေ အထူး လိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းသုံးသောင်းအထိ ရှိနေဆဲ ဖြစ်ပါတယ်။

spot_img
spot_img