spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှ ဒေသခံတွေ နေရပ်ပြန်ပြီး ပစ္စည်းပြန်ယူကြ

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့ပေါ်ရပ်ကွက်နေ ဒေသခံတွေမှ နေရပ်ပြန်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကား၊ ဆိုင်ကယ်၊ ထော်လဂျီစက်တွေနဲ့ ပစ္စည်းပြန်သယ်နေကြတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒီးမော့ဆိုမြို့ ဒေသခံတွေက ၇လကြာတဲ့အထိ မိမိနေအိမ်ကို မပြန်နိုင်သေးဘဲ ဒီကနေ့မှာတော့ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်ယူတာ ပြုလုပ်နိုင်တယ်လို့ သတင်းကြားရပေမယ့် ဘယ်အဖွဲ့အစည်းက ခွင့်ပြုပေးလိုက်တယ်ဆိုတာကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာလည်း ရပ်ကွက်ကျေးရွာတွေအနီးနားထိ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်း
တချို့ကလုံခြုံရေးယူထားပေးတာရှိတယ်လို့ ဒေသခံတစ်ဦးကမြင်တွေ့ရတာကို ပြောပြပါတယ်။ နေအိမ်ပြန်ကြည့်တဲ့အခါ အများစုမှာ ဖောက်ထွင်းဖျက်ဆီးခံရတဲ့အနေအထားဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားတဲ့နေအိမ်လည်းရှိပါတယ်။

“အိမ်ပြန်ကြည့်တာ တံခါးတွေပွင့်နေတယ် ပစည်းတွေဖွထားတာတွေ့တယ်။ အိမ်တိုင်း နီးပါး တံခါးတွေပွင့်နေတယ်။ အဖောက်ခံထားရတဲ့သဘောပဲ။ စစ်တပ် လုပ်တာလို့ပဲယူဆတယ်။ စစ်တပ်ကပဲ ဝင်လာနိုင်တာ။ အိမ်ရှင်တွေကထွက်ပြေးနေရတာလေ။ ဒေါငံခါးဖက်မှာတော့ အိမ်စီးကားတွေ ပစည်းသယ်လို့ရတဲ့ ကားကြီးတွေနဲ့ လိုအပ်တာတွေပြန်ယူတာတွေရှိတယ်။” လို့ ရူးဖယ်ခူရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီတစ်ပြည်နယ်လုံးမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တစ်သိန်း၃သောင်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆိုမြို့နယ်ကအများဆုံးဖြစ်ပါတယ်။ တိမ်းရှောင်ရတဲ့ဒေသခံတွေက နီးစပ်ရာဆွေမျိုးရှိရာကျေးရွာတွေမှာ ခိုလှုံကြတာရှိသလို အများစုမှာ စစ်ဘေးရှောင်စခန်းဖွင့်လှစ်ထားတဲ့နေရာမှာပဲနေထိုင်ရပြီး စားနပ်ရိက္ခာ၊ အနွေးထည် အဓိကလိုအပ်နေဆဲ လို့ သိရပါတယ်။

လိုအပ်ချက်အမျိုးမျိုးရှိနေတဲ့ စစ်ဘေးရှောင်စခန်းမှာနေထိုင်ကြတဲ့ ဒေသခံတွေက ဒီကနေ့မှာတော့ နေရပ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူကြတာဖြစ်ပြီး လက်ရှိအနေအထားအရ တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့အတွက် လုံခြုံမှုမရှိတာကြောင့် ပြန်လည်နေထိုင်ခြင်းတော့မရှိကြသေးပါဘူး။

spot_img
spot_img