spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်၊ လေကြောင်းအသုံးပြု တိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အဲဒါပြောရမယ်ဆိုရင် ၁၆၊ ၁၇၊ ၁၈ ဒီရက်အထိပေါ့နော။ ဒေါညေးခူမှာ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတော့ ၁၆ ရက် နေ့လည်မှာ လေယာဉ်နဲ့ တစ်ခေါက်လာပစ်တယ်။ ညနေမှာ ၃နာရီကျော်မှာ တစ်ခေါက်လာပစ်တယ်။ နောက်မနေ့ည(ဧပြီ ၁၇) က ည၁၁နာရီကျော်၊ ၁၂ နာရီထိုးခါနီးလောက်မှာ တစ်ခေါက်လာပစ်တယ်။ အဲဒီ စစ် ဂျက်လေယာဉ်နဲ့ပေါ့။ ပစ်လည်းပစ် ဗုံးသီးလည်းချပေါ့။ အဲဒီမှာ ဒေါညေးခူက အိမ်ခြေသုံးလုံးလောက်မီးလောင်သွားတယ်။ တစ်လုံးက ပျက်သွားတယ် အဲဒီလိုမျိုးသိရတယ်။ ” လို့ ခူညေးရယ်က ပြောပါတယ်။

၃ရက်ဆက်တိုက်အတွင်း တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာဟာ အထိနာတဲ့အတွက်ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဓိက ကတော့ ဒီဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ လေယာဉ်တွေအများကြီးသုံးလာရင်တော့။ ဒါပေမယ့် သူတို့ဘက်က အထိအခိုက်ရှိလို့ပဲပေါ့။” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ပြီးခဲ့တဲ့ မတ်လ ပထမ အပတ်ကတည်းက စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စကခ (၂) လက်အောက်ခံ တပ်ရင်း(၃)ရင်း ဖြစ်တဲ့ ခလရ ၁၂၊ ခမရ ၅၁၅၊ ခမရ ၅၁၆ တို့ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။

မတ်လ တစ်လတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉၀ ကျော်သေဆုံးပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်က အကျအဆုံးတွေမှာ ခမရ ၅၁၆ က အများဆုံးဖြစ်ပြီး အဲဒီနေရာကို ပြန်လည်အစားထိုးနိုင်ဖို့ စစ်ကောင်စီဘက်က ဧပြီလ ပထမ အပတ်မှာ အင်အားပြန်လည်ဖြည့်တင်းလာတာ တွေ့ရတယ်လို့ ခူညေးရယ်က ဆက်ပြောပါတယ်။

“ အဲဒီလကုန်ပြီး တစ်ရက်နှစ်ရက်မှာပဲ ခလရ ၈၀ ဆိုပြီး ထပ်ရောက်လာတယ်။ ခလရ ၈၀ ကတော့ တပ်မ ၆၆ လက်အောက်ခံပေါ့။ အဲဒါထပ်ရောက်လာတော့ လူကတော့ ၇၀၊ ၈၀ လောက်ပါမယ်ထင်တယ်။ အဲဒီမှာကျဆုံးသွားတဲ့ အများဆုံးကျတာကတော့ ခမရ ၅၁၆ လို့ သိရတယ်။ ဆိုတော့ အဲဒီအစား သူတို့ အင်အားဖြည့်တာပေါ့နော။ အဲဒါပြီးခဲ့တဲ့ လကုန်ကတည်းက လကုန်ပြီး ပထမပတ်ကတည်းကတော့။” လို့ ခူညေးရယ်က ပြောပါတယ်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ တစ်စုံတစ်ရာ ထုတ်ပြန်ချက်ထုတ်တာ မရှိသေးသလို နှစ်ဖက်အထိအခိုက်၊ အကျအဆုံးကိုလည်း ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါတမကြီးကျေးရွာအုပ်စုအတွင်းမှာ တပ်စွဲနေရာယူထားတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ တိုက်ပွဲတနေကုန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ရက်တွေရှိသလို ထိတွေ့တိုက်ပွဲငယ်လေးတွေဖြစ်ပွားတဲ့ ရက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts